ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နယူးယောက်၌ လှုပ်ရှားမှုလုပ်… — The Irrawaddy - Burmese — TG.ME

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နယူးယောက်၌ လှုပ်ရှားမှုလုပ်

ဧရာဝတီ၊ အောက်တိုဘာ ၁၁၊ ၂၀၂၆

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရောက် မြန်မာများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သစ်ပင်စိုက် လှုပ်ရှားမှုကို အောက်တိုဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးအတွက် Kim Aris (ခေါ်) ကိုထိန်လင်း ဦးဆောင်သည့် “FREE HER Campaign” ကို ထောက်ခံအားပေးသည့် အနေဖြင့် အဆိုပါ လှုပ်ရှားမှုပြုလုပ်ခြင်းဖြစ်ပြီး နယူးယောက်မြို့ Staten Island ရှိ Willowbrook State Park တွင် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုလှုပ်ရှားမှုနှင့် ပတ်သက်၍ ဦးကျော်မိုးထွန်းက “စီစဉ်ပေးတဲ့ NYCBC (New York City Burmese Community) ကို ကျေးဇူးတင်ပါတယ်။ အမေစု လွတ်မြောက်ရေး လှုပ်ရှားမှုတွေထဲကမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ရည်ရွယ်ပြီး အမှတ်တရ သစ်ပင် ၈၂ ပင် စိုက်ပျိုးခွင့်ရတဲ့အတွက် အင်မတန်မှ အဓိပ္ပာယ် ရှိပါတယ်” ဟု ပြောကြားသည်။

စစ်အာဏာရှင်များက ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းဆီးချုပ်နှောင်ထားသည့်အတွက် အမြန်ဆုံး လွှတ်ပေးရေးနှင့် နိုင်ငံတကာကလည်း သိရှိစေရန်အတွက် အခြား လှုပ်ရှားမှုများနှင့် မတူဘဲ ငြိမ်းချမ်းစွာ စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မြောက်ခဲ့သည်ကို ရည်ရွယ်၍ သစ်ပင် ၈၂ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- NYCBC
#WhatsHappeningInMyanmar
#RejectMilitaryCoup
👍52❤25😁3
October 11, 2026 4.3K 2