ကန်ချနဘူရီ ဘိုးဘွားရိပ်သာသို့ စိတ်ရောဂါရှင်အဖြစ်… — The Irrawaddy - Burmese — TG.ME

ကန်ချနဘူရီ ဘိုးဘွားရိပ်သာသို့ စိတ်ရောဂါရှင်အဖြစ် ဖမ်းဆီးပို့ဆောင်ခံရသည့် မိခင်က သားဖြစ်သူကို တရားစွဲ

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၂၆

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဝမ်ထောင်လန်ခရိုင်ရှိ အလှကုန်ထုတ်လုပ်ရေးစက်ရုံပိုင်ရှင် အသက် ၆၃ နှစ်အရွယ် Napat Saeng-in သည် သားအရင်းက စိတ်ရောဂါသည်ဟု မဟုတ်မမှန်အကြောင်းပြကာ လူပြန်ပေးဆွဲအဖွဲ့ ငှားရမ်း၍ မူမမှန်သည့် ကန်ချနဘူရီ ဘိုးဘွားရိပ်သာ၌၂ နှစ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင် နှိပ်စက်ခဲ့မှုနှင့် ပတ်သက်၍ သားဖြစ်သူအပါအဝင် ပါဝင်ပတ်သက်သူ အားလုံးကို အရေးယူပေးရန် ဝမ်ထောင်လန်ရဲစခန်း၌ ယနေ့ သွားရောက်တိုင်ကြားခဲ့သည်။

အဆိုပါ တိုင်ကြားမှုကို Saimai Tong Rod လူမှုကူညီရေးအဖွဲ့ ခေါင်းဆောင် Ekkapop Luangprasert က ကာယကံရှင်ဖြစ်သူနှင့် လိုက်ပါကူညီပေးခဲ့ပြီး ဘန်ကောက်မြို့ ဒုတိယရဲမှူးကြီး ၊ ဝမ်ထောင်လန်ရဲစခန်းမှူး ရဲမှူးကြီးနှင့် စုံစမ်းစစ်ဆေးရေးအရာရှိများထံ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကာယကံရှင်၏ ပြောကြားချက်အရ ဖြစ်စဉ်မှာ ၂၀၂၄ ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းတွင် သားဖြစ်သူသည် တက်တူး ထိုးထားသည့် အမျိုးသားနှစ်ဦးနှင့်အတူ ၎င်း၏နေအိမ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ၎င်းအား ချုပ်နှောင် ပါးစပ်ပိတ်ပြီး မျက်နှာကို ထိုးကြိတ်ကာ ဗန်ကားပေါ်သို့ အတင်းအဓမ္မ တင်ဆောင်သွားခဲ့ကြောင်း၊ ဖုန်းနှင့် ပိုင်ဆိုင်သည့် ပစ္စည်းအားလုံးကို သိမ်းဆည်းသွားခဲ့ကြောင်း ဆိုသည်။

ထို့နောက် ကန်ချနဘူရီခရိုင်၊ သာမောင်းမြို့နယ်ရှိ ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ စောင့်ရှောက်ရေးစခန်းသို့ ရောက်ရှိချိန်တွင် အမျိုးသမီးတဦးက လက်ခံခဲ့ကာ စခန်းပိုင်ရှင်ဆိုသူက ၎င်း၏ အင်္ကျီများကို ချွတ်ခိုင်း၍ သက်ကြီးရွယ်အိုသုံး Diaper ကိုသာ ဝတ်ဆင်စေခဲ့ကြောင်း၊ လက်ထိပ်ခတ်ကာ အိပ်ဆေးများ အတင်းအဓမ္မ တိုက်ကျွေးခြင်း၊ ပါးရိုက်ခြင်း၊ ရိုက်နှက်ခြင်းစသည့် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ဆွေမျိုးများထံ ပျော်ရွှင်နေကြောင်း ဓာတ်ပုံရိုက်ပို့ရန်အတွက် ပြုံးပြခိုင်းခြင်းနှင့် ကခိုင်းခြင်းများကိုလည်း အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်း ပြောသည်။

ယခုဖြစ်စဉ်သည် ၎င်း၏ဘဝတွင် အဆိုးရွားဆုံး ဖြစ်ရပ်ဖြစ်ပြီး သတင်းမီဒီယာများတွင် ပါဝင်လာပြီးချိန်ထိ သားဖြစ်သူက နောင်တရကြောင်း မပြသသည့်အပြင် လာရောက်တောင်းပန်ခြင်းလည်း မရှိခဲ့ကြောင်း၊ ထို့ပြင် စက်ရုံနှင့် ပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆက်သွယ်ညှိနှိုင်း၍ မရသေးကြောင်း၊ ထိုအမျိုးသမီးကြီးက သားဖြစ်သူအား ယခုတကြိမ်တွင်မူ လုံးဝခွင့်မလွှတ်တော့ဘဲ ဥပဒေအရ အပြင်းထန်ဆုံး အရေးယူပေးရန်ပြောကြားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-Thairath
👍42😱13❤5
October 8, 2026 3.2K 5