ထိုင်းကျောင်းထိုင်ဘုန်းကြီး အလှူငွေ အလွဲသုံးစားမှုဖြင့် ထောင် ၇၄၂… — The Irrawaddy - Burmese — TG.ME

ထိုင်းကျောင်းထိုင်ဘုန်းကြီး အလှူငွေ အလွဲသုံးစားမှုဖြင့် ထောင် ၇၄၂ နှစ် ချခံရ

ဧရာဝတီ၊ အောက်တိုဘာ ၇၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ဝတ်ဖရာဘတ်နမ်ဖူး (Wat Phra Bat Nam Phu) ကျောင်းတိုက်၏ ဘတ် ၁၀ ဘီလီယံကျော်ရှိ လှူဒါန်းငွေများကို အလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှုတို့နှင့် ပတ်သက်၍ အဂတိလိုက်စားမှု၊ မသမာမှုဆိုင်ရာ ဗဟိုပြစ်မှုဆိုင်ရာ တရားရုံးက ကျောင်းထိုင်ဘုန်းကြီးဟောင်း အလောင်ကော့တ် (Alongkot) ကို ထောင်ဒဏ် စုစုပေါင်း ၇၄၂ နှစ်နှင့် နတ်ဝင်သည် အမည်ခံ ဘီး ဆိုသူကို ထောင်ဒဏ် ၃၈၆ နှစ်နှင့် လပေါင်း ၁,၄၈၀ တို့ဖြင့် ယနေ့ ချမှတ်ခဲ့သည်။

သို့သော် တရားခံ ဘီး၏ ထွက်ဆိုချက်များမှာ အမှုအတွက် အသုံးဝင်သဖြင့် တရားရုံးက ဥပဒေအရ သတ်မှတ်ထားသော အများဆုံး ထောင်ဒဏ် ကျခံပိုင်ခွင့်ဖြစ်သည့် နှစ် ၅၀ သာ ကျခံစေရန် ပြစ်ဒဏ် လျှော့ပေါ့ပေးခဲ့သလို ၎င်းတို့နှစ်ဦး အလွဲသုံးခဲ့သည့် ဘတ်သန်း ၃၀၀ ကျော်ကိုလည်း ပူးတွဲ ပြန်လည် ပေးလျော်ရန် အမိန့်ထုတ်ခဲ့သည်။

အဆိုပါ ဘုန်းကြီးဟောင်းကို ရာဇဝတ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ (CSD) က ရာထူးအာဏာ အလွဲသုံးစားပြု၍ ပစ္စည်းဥစ္စာများ အလွဲသုံးမှု၊ တာဝန်ဝတ္တရားများကို မတရားသဖြင့် ဆောင်ရွက်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းနှင့် ပူးပေါင်း၍ ငွေကြေးခဝါချမှု အစရှိသည့် စွပ်စွဲချက်များဖြင့် တရားစွဲဆိုခဲ့သလို ဘီးကိုမူ အရာရှိတဦး၏ အလွဲသုံးစားပြုလုပ်မှုကို ကူညီအားပေးမှု၊ တာဝန်ဝတ္တရား မတရား ဆောင်ရွက်မှုကို ကူညီမှုနှင့် ပူးပေါင်း ငွေကြေးခဝါချမှုတို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) အရာရှိများသည် ဘန်ကောက်နှင့် ပတ်ဝန်းကျင်ဒေသများရှိ နေရာ ၁၇ ခုကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဘတ် ၁၀ ဘီလီယံကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများအား ဝတ်ဖရာဘတ်နမ်ဖူး ကျောင်းတိုက်သို့ ပြန်လည် ပေးအပ်ရန်အတွက် သိမ်းဆည်းနိုင်ခဲ့သည်။

အဆိုပါ ဝတ်ဖရာဘတ်နမ်ဖူး ကျောင်းတိုက် ငွေကြေးအလွဲသုံးစားမှုမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လခန့်တွင် သတင်းပေါ်ထွက်လာပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးကာ ကျောင်းထိုင်ဘုန်းကြီးနှင့် နတ်ဝင်သည် ဘီး တို့ကို၂၀၂၅ ခုနှစ် ဩဂုတ်လ၌ စတင်ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။

ဓာတ်ပုံ- Khaosod
👍39❤6🤔2😭1
October 7, 2026 3.3K 5