ဘီလာရုစ်နိုင်ငံသူကို ကျားဖြန့်ထံ ရောင်းစားသည့် မြန်မာ ၅ ဦး ထောင်ဒဏ်၂၁ နှစ်စီ ချ
ဧရာဝတီ၊ အောက်တိုဘာ ၆၊ ၂၀၂၆
ဘီလာရုစ်နိုင်ငံသူတဦးကို အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ထံ ပို့ဆောင်ရောင်းစားခဲ့ရာတွင် ပါဝင်သူ မြန်မာနိုင်ငံသား ၅ ဦးကို မင်္ဂလာဒုံခရိုင် တရားရုံးက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အောက်တိုဘာ ၁ ရက်တွင် ထောင်ဒဏ် ၂၁ နှစ်စီ ချမှတ်လိုက်ကြောင်း အာဏာသိမ်းအစိုးရက သတင်း ထုတ်ပြန်သည်။
အသက်၂၆ နှစ်ခန့်အရွယ် ဘီလာရုစ်နိုင်ငံသူ ဗီရာ ခရက်ဆိုဗာ (Vera Krasova) ဆိုသူမှာ မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းများထံ ရောင်းစားခံရပြီးနောက် အသတ်ခံရကာ ကိုယ်တွင်းအင်္ဂါများ ရောင်းစားခံခဲ့ရကြောင်း လွန်ခဲ့သည့်နှစ် အောက်တိုဘာလက သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်ဘက်က စုံစမ်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုအမှုနှင့် ပတ်သက်ပြီး ထောင်ဒဏ် ချမှတ်ခံရသူများမှာ ကျော်သူ (ခ) စောကျော်သူ၊ ဇင်မင်းထွန်း၊ ရဲလင်းထွန်း (ခ) ကိုရဲ၊ ညီညီသက်နှင့် နန်းပေါင်းဟွမ်း (ခ) ဆိုဖီယာ (ခ) Li Li (ခ) ကျင်းကျင်း တို့ဖြစ်ပြီး ၎င်းတို့နှင့် ပူးပေါင်းကြံစည်သူများဖြစ်သည့် မျိုးဇော်လင်း၊ ဝသုန်အောင် (ခ) ဝသုန်၊ ရန်ပိုင်စိုး (ခ) အငယ်လေး၊ တာဂျစ်ကစ္စတန် နိုင်ငံသား MUKAIR SHOEV RUSTAM နှင့် ODINAEN ALIJON တို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
အာဏာသိမ်းအစိုးရအနေဖြင့် ဘီလာရုစ်နိုင်ငံသူ သေဆုံးမှု (သို့မဟုတ်) ပျောက်ဆုံးမှုနှင့် ပတ်သက်၍ တရားခံများကို ဖမ်းဆီး ပြစ်ဒဏ်ချကြောင်းဖော်ပြထားသော်လည်း အမှန်တကယ် သေဆုံးခြင်း ရှိမရှိ၊ ဖြစ်စဉ် အသေးစိတ်နှင့် မည်သည့်နေရာတွင် ဖြစ်ပွားခဲ့သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
ဘီလာရုစ်နိုင်ငံသူမှာ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှတဆင့် ထိုင်းနိုင်ငံ ဘန်ကောက်၌ မော်ဒယ် အလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခံရပြီးနောက် မြန်မာနိုင်ငံသို့ ရောင်းစားခံခဲ့ရခြင်း ဖြစ်ကြောင်း ရုရှားအွန်လိုင်းသတင်းများတွင် ဖော်ပြခဲ့သည်။
ထို့နောက် အွန်လိုင်းငွေလိမ်ရန် အဓမ္မခိုင်းစေခံရပြီး အလုပ်မဖြစ်တော့သည့်အခါ ၎င်းအား သတ်လိုက်ကြောင်းနှင့် ကိုယ်တွင်း အင်္ဂါများကို ရောင်းစားလိုက်ပြီဖြစ်ကြောင်း မိသားစုထံသို့ မက်ဆေ့ချ်များ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
22
9
8
2October 6, 2026 3.6K