ဗီယက်နမ်၏ သုံးလပတ် GDP ၄ နှစ်အတွင်း အမြန်ဆုံး နှုန်းဖြင့် တိုးတက်… — The Irrawaddy - Burmese — TG.ME

ဗီယက်နမ်၏ သုံးလပတ် GDP ၄ နှစ်အတွင်း အမြန်ဆုံး နှုန်းဖြင့် တိုးတက်

ဧရာဝတီ၊ အောက်တိုဘာ ၅၊ ၂၀၂၆။

စနေနေ့က ထုတ်ပြန်ခဲ့သည့် အစိုးရ ကိန်းဂဏန်းများအရ ဗီယက်နမ်၏ ပြည်တွင်းထုတ်ကုန် (GDP) သည် တတိယသုံးလပတ်တွင် ယခင်နှစ် ကာလတူထက် ၉.၉၅% တိုးတက်ခဲ့ပြီး၊ ယင်းမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း အမြန်ဆုံး သုံးလပတ် တိုးတက်မှုနှုန်းဖြစ်ကာ ဒုတိယသုံးလပတ်၏ ပြန်လည်ပြင်ဆင်ထားသော ၈.၈၁% တိုးတက်မှုနှုန်းထက် ပိုမိုမြန်ဆန်လာခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်မှ စက်တင်ဘာလအထိ သုံးလပတ် တိုးတက်မှုကို အားကောင်းသော ပို့ကုန်များနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုများက မောင်းနှင်ခဲ့သော်လည်း၊ နိုင်ငံ၏ တနှစ်တာလုံး တိုးတက်မှု ရည်မှန်းချက်ဖြစ်သည့် ၁၀% ထက် ကျော်လွန်ရန်မူ လိုအပ်နေသေးသည်။

အီရန်စစ်ပွဲကြောင့် ယခုနှစ်အတွင်း သွင်းကုန်စရိတ်များ မြင့်တက်လာမှုနှင့်အတူ ပို့ကုန်ကို အဓိက အားထားနေရသည့် အဆိုပါ စီးပွားရေးစနစ်သည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး၊ ယခုနှစ် ပထမ ကိုးလအတွင်း ကုန်သွယ်ရေး လိုငွေပြမှုမှာ စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

စက်တင်ဘာလတွင် ကုန်စည်ပို့ကုန် တင်ပို့မှုမှာ ယခင်နှစ် ကာလတူထက် ၃၉.၁% မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၅၉.၄၈ ဘီလီယံရှိခဲ့ကာ၊ သွင်းကုန်မှာ ၄၅.၈% မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၅၈.၂၁ ဘီလီယံ ရှိခဲ့သဖြင့် ယင်းလအတွက် ကုန်သွယ်ရေး ပိုငွေ ကန်ဒေါ်လာ ၁.၂၇ ဘီလီယံ ထွက်ပေါ်ခဲ့ကြောင်း အမျိုးသား စာရင်းအင်းရုံး (NSO) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ် ပထမ ကိုးလအတွက်မူ ပို့ကုန်မှာ ၂၄.၅% မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၄၃၄.၃၀ ဘီလီယံ ရှိခဲ့ကာ၊ သွင်းကုန်မှာ ၃၆.၇% မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၄၅၃.၇၂ ဘီလီယံ ရှိခဲ့သဖြင့် ကုန်သွယ်ရေး လိုငွေပြမှုမှာ စံချိန်တင် အမြင့်ဆုံးအဖြစ် ကန်ဒေါ်လာ ၁၉.၄၂ ဘီလီယံအထိ ရှိခဲ့သည်။

စွမ်းအင် သွင်းကုန်များ ဈေးနှုန်း မြင့်တက်လာခြင်းသည် ကုန်သွယ်ရေး လိုငွေပြမှု ပိုမိုကျယ်ပြန့်လာရခြင်း၏ အကြောင်းရင်း အစိတ်အပိုင်းတခု ဖြစ်သည်။ အစီရင်ခံစာအရ အဆိုပါ ကာလအတွင်း ရေနံစိမ်း သွင်းကုန် ပမာဏမှာ ၁၃.၅% လျော့ကျခဲ့သော်လည်း တန်ဖိုးအားဖြင့် ၁၄.၄% မြင့်တက်ခဲ့သည်။ သန့်စင်ပြီး စက်သုံးဆီ သွင်းကုန် ပမာဏမှာ ၁၁.၅% မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ၇၉.၃% ထိ မြင့်တက်ခဲ့သည်။

စက်တင်ဘာလတွင် စားသုံးသူ ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူထက် ၅.၀၈% မြင့်တက်ခဲ့ကြောင်း NSO က ပြောကြားခဲ့သည်။ ထို့ပြင် စက်တင်ဘာလအတွင်း စက်မှုထုတ်လုပ်မှုမှာလည်း ယခင်နှစ် ကာလတူထက် ၁၆.၇% မြင့်တက်ခဲ့သည်ဟု ဆိုသည်။

နိုင်ငံတော်၏ စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှုများ၏ အစိတ်အပိုင်းအဖြစ် အခြေခံအဆောက်အအုံပိုင်းတွင် ပြည်သူ့ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့သဖြင့် ကိုးလတာ ကာလအတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ် ကာလတူထက် ၁၆.၇% မြင့်တက်ခဲ့ကြောင်း ကိန်းဂဏန်းများက ဖော်ပြသည်။

ကိုးလတာ ကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ ယခင်နှစ် ကာလတူထက် ၁၂.၁% မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၂၁.၁ ဘီလီယံ ရှိခဲ့ကြောင်း NSO က ပြောကြားခဲ့သည်။

ယခုနှစ်အတွက် ဗီယက်နမ်၏ စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို လွန်ခဲ့သည့် သီတင်းပတ်က ၇.၂% မှ ၇.၈% သို့ တိုးမြှင့်ပြင်ဆင်ခဲ့သည့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဗီယက်နမ်၏ ထုတ်လုပ်မှုကဏ္ဍ ဆက်လက် တိုးတက်လာခြင်း၊ ပြည်တွင်း စားသုံးမှု အားကောင်းခြင်းနှင့် တိုက်ရိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စွာ ဝင်ရောက်နေခြင်းတို့ကြောင့် ကာလတို တိုးတက်မှု မျှော်လင့်ချက်များမှာ ဆက်လက် ခိုင်မာနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ရေရှည်အတွက်မူ "ကမ္ဘာ့ဝယ်လိုအား အားနည်းသွားခြင်းနှင့် ပြင်ပ မရေရာမှုများ ပိုမိုမြင့်တက်လာခြင်းတို့က တိုးတက်မှုကို ထိခိုက်စေနိုင်ပြီး၊ စွမ်းအင်ဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းနှင့် ကမ္ဘာ့ဘဏ္ဍာရေး အခြေအနေများ တင်းကျပ်လာခြင်းတို့က ငွေကြေးဖောင်းပွမှုနှင့် ငွေလဲနှုန်း ဖိအားများကို ပိုမိုဆိုးရွားစေနိုင်သည်" ဟု ပြောကြားခဲ့သည်။

စွန့်စားရမှုဆိုင်ရာ သတင်းအချက်အလက် ကုမ္ပဏီ Verisk Maplecroft မှ အာရှရေးရာ အကြီးတန်း လေ့လာသုံးသပ်သူ Laura Schwartz က အထူးသဖြင့် လွန်ခဲ့သည့် လများအတွင်း ငွေကြေးဖောင်းပွမှု မြန်ဆန်လာခြင်းကြောင့် ဗီယက်နမ် စီးပွားရေး ပူပြင်းလာနိုင်သည့် အခြေအနေအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြောင်း ပြောကြားခဲ့သည်။

အနာဂတ် ကာလတိုနှင့် ကာလလတ်အတွင်း "လျှပ်စစ်ဓာတ်အား လိုအပ်ချက် မပြည့်မီနိုင်မှုများကလည်း ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေလိမ့်မည်" ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား။ ။ Reuter သတင်း Vietnam's quarterly GDP grows fastest in 4 years as exports boom
❤25👍20👎1
October 5, 2026 1.2K