ကျောင်းသားဆန္ဒပြပွဲများကြောင့် ပြင်သစ်တွင် ကျောင်းပေါင်း ၅၀၀ အထိ ပိတ်ထားမည်
ဧရာဝတီ၊ အောက်တိုဘာ ၅၊ ၂၀၂၆။
တနေ့တခြား ပိုမိုများပြားလာသည့် ကျောင်းသားဆန္ဒပြပွဲများအကြား ပြင်သစ်နိုင်ငံသည် တနင်္လာနေ့တွင် ကျောင်းပေါင်း ၅၀၀ အထိ လုံးဝ သို့မဟုတ် အစိတ်အပိုင်းလိုက် ပိတ်ထားရန် စီစဉ်နေသည်။
ပညာရေးဝန်ကြီး အက်ဒူးအာ ဂျက်ဖရေး (Edouard Geffray) က “သင်ခန်းစာများ ပိုင်းခြား၍ တဖြည်းဖြည်း ပြန်လည်စတင်နိုင်ရေး” ၏ တစိတ်တပိုင်းအဖြစ် ယင်းကြိုတင်ကာကွယ်ရေး အစီအမံများကို တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။ သို့သော် နွေရာသီ ပိတ်ရက် အေးချမ်းသွားပြီးနောက် အတန်း အရွယ်အစား၊ ဆရာအင်အား နည်းပါးမှုနှင့် အခြားမကျေနပ်ချက်များကြောင့် လွန်ခဲ့သည့်လက စတင်ခဲ့သည့် ဆန္ဒပြပွဲများကို သီတင်းပတ်အစတွင် ပြန်လည်စတင်ရန် ဆန္ဒပြကျောင်းသားများက ကြေညာခဲ့ကြသည်။
လုံခြုံရေးအခြေအနေများ “ပြည့်မီခြင်းမရှိသေး” သောကြောင့် အထက်တန်းကျောင်း “၄၀၀ မှ ၅၀၀” ခန့်တွင် သင်ခန်းစာများကို “လုံးဝ သို့မဟုတ် အစိတ်အပိုင်းလိုက် ဆိုင်းငံ့ထားမည်” ဟု ဝန်ကြီးက ပြောကြားခဲ့သည်။ ဆန္ဒပြပွဲများ စတင်ခဲ့ချိန်မှစ၍ ကျောင်း ၂၄ ကျောင်း “မီးရှို့ခံရခြင်း သို့မဟုတ် ဖျက်ဆီးလုယက်ခံရခြင်း” ရှိခဲ့ကြောင်းလည်း သူက ထပ်လောင်းပြောကြားခဲ့သည်။
ကျောင်းများပိတ်ထားခြင်းသည် လုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုတခုဖြစ်ကြောင်း ဂျက်ဖရေးက ပြောသည်။ သမ္မတ မက်ခရွန်၏ အစိုးရထံမှ “ခိုင်မာသည့် အစီအမံများ” မရှိခြင်းကို ကိုးကား၍ ဆန္ဒပြပွဲ ဦးဆောင်ကျင်းပသူများက အင်္ဂါနေ့တွင် အကြီးစား ဆန္ဒပြပွဲများ ပြန်လည်ပြုလုပ်ရန် ခေါ်ယူထားသည်။
စက်တင်ဘာလလယ်တွင် ပါရီ၌ ကျောင်းသားဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့ပြီးကတည်းက အနည်းဆုံး ကျောင်းသား ၁၇၀ နှင့် ပညာရေးဝန်ထမ်း ၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂျက်ဖရေး၏ ပြောကြားချက်အရ သိရသည်။
သောကြာနေ့တွင် ပြင်သစ်ရှိ အထက်တန်းကျောင်းပေါင်း ၃,၇၀၀ အနက် အနည်းဆုံး ၄၀၀ ခန့် ပိတ်ထားခဲ့ရပြီး ၅၆၀ မှာ ဆန္ဒပြပွဲများ သို့မဟုတ် အနှောင့်အယှက်များနှင့် ရင်ဆိုင်ခဲ့ရကြောင်း အမျိုးသားပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဆရာအင်အား နည်းပါးမှု၊ ကျောင်းတက်ချိန် အလွန်အမင်း များပြားမှုနှင့် အခြားမကျေနပ်ချက်များကြောင့် စက်တင်ဘာ ၁၇ ရက်တွင် ပါရီမြို့ ဆန်ဆန်းရှိ အထက်တန်းကျောင်းတကျောင်း၌ ဆရာများနှင့် ကျောင်းသားများသည် ပထမဆုံး စတင် လှုပ်ရှားခဲ့ကြသည်။ ထိုအချိန်မှစ၍ ဆန္ဒပြပွဲများသည် တနိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး စာသင်ခန်း သပိတ်မှောက်မှုများ၊ ပိတ်ဆို့မှုများနှင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့သည်။
ပြည်ထဲရေးဝန်ကြီး၏ အဆိုအရ လွန်ခဲ့သည့်သီတင်းပတ်အတွင်း လူ ၅,၀၀၀ ထက်မက ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ၈၅ ရာခိုင်နှုန်းမှာ အရွယ်မရောက်သေးသူများ ဖြစ်ကြသည်။
ဆန္ဒပြပွဲများကို တုံ့ပြန်ရာတွင် ရဲတပ်ဖွဲ့၏ “အချိုးအစား မမျှသော အကြမ်းဖက်မှု” ကို ဝေဖန်ရေးသမားများက ဝေဖန်ခဲ့ကြသည်။ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ကျောင်းသားဆန္ဒပြသူများကို “နှိပ်ကွပ်ခြင်း မဟုတ်ဘဲ နားထောင်ပေးရမည်” ဟု ပြောကြားခဲ့သည်။
ပြင်သစ် အများပြည်သူဆိုင်ရာ ရေဒီယိုနှင့် အင်တာဗျူးတခုတွင် ဂျက်ဖရေးက လက်ဝဲစွန်း လှုပ်ရှားသူများသည် “ကျောင်းသားလှုပ်ရှားမှုအတွင်း စိမ့်ဝင်ကာ ကျောင်းသားများထံမှ လှုပ်ရှားမှုကို လွှဲပြောင်းယူခဲ့ပြီး အလွန်အမင်း အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြသည်” ဟု စွပ်စွဲပြောဆိုခဲ့သည်။
ကိုးကား။ ။ Al Jazeera သတင်း France to shutter up to 500 schools as more student protests called
31
6
4
3October 5, 2026 1.6K