စစ်သား ၅ ထောင်ကျော်ပါ အမေရိကန် လေယာဉ်တင်သင်္ဘော ဖူးခက်၌ ကမ်းကပ်… — The Irrawaddy - Burmese — TG.ME

စစ်သား ၅ ထောင်ကျော်ပါ အမေရိကန် လေယာဉ်တင်သင်္ဘော ဖူးခက်၌ ကမ်းကပ်

ဧရာဝတီ၊ အောက်တိုဘာ ၄၊ ၂၀၂၆

စစ်သည် ၅ ထောင်ကျော် တင်ဆောင်လာသည့် အမေရိကန်ရေတပ် လေယာဉ်တင်စစ်သင်္ဘော USS George H.W. Bush နှင့် စစ်ရေယာဉ်များသည် အရှေ့အလယ်ပိုင်းတွင် လပေါင်းများစွာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ပြီးနောက် အနားယူရန်အတွက် ထိုင်းနိုင်ငံ၊ ဖူးခက်သို့ ယနေ့ ရောက်ရှိလာကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

လေယာဉ်တင် စစ်သင်္ဘောကြီး USS George H.W. Bush ၌ စစ်သည် ၄,၈၂၀ ဦးခန့် တင်ဆောင်လာပြီး ဝိချစ် (Wichit) ရှိ ဖူးခက် ရေနက်ဆိပ်ကမ်းမှ ၃.၃ ကီလိုမီတာခန့် အကွာတွင် ကျောက်ဆူးချ ရပ်နားထားကာ ဖျက်သင်္ဘော USS Delbert D. Black တွင်မူ စစ်သည် ၂၈၉ ဦးခန့် ပါဝင်သည်။

ယခု ခရီးစဉ်သည် အဆိုပါ လေယာဉ်တင် စစ်သင်္ဘောအုပ်စုအနေဖြင့် မတ်လအတွင်းက အမေရိကန်ပြည်ထောင်စုမှ ထွက်ခွာလာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဆိပ်ကမ်း ရပ်နားခြင်းဖြစ်ပြီး အောက်တိုဘာ ၉ ရက်အထိ ဖူးခက်တွင် ကမ်းကပ် ရပ်နားမည် ဖြစ်သည်။

အမေရိကန် ရေတပ်ခေါင်းဆောင်များနှင့် ထိုင်းတာဝန်ရှိသူများ တွေ့ဆုံမည်ဖြစ်သလို ရေတပ်စစ်သည်များသည် အမေရိကန်-ထိုင်း ဘောလုံးပြိုင်ပွဲအပါအဝင် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေး ခရီးစဉ်များနှင့် လူထုအကျိုးပြု လှုပ်ရှားမှုများတွင် ပါဝင်ကြမည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင် ဘာလအတွင်း ကလည်း USS Abraham Lincoln လေယာဉ်တင်စစ် သင်္ဘော ထိုင်းနိုင်ငံ၊ လဲမ်ချဘန်းဆိပ်ကမ်းသို့ လာရောက်ခဲ့သေးသည်။

ဓာတ်ပုံ-Phuket Live News,Phuket Times
❤47👍22
October 4, 2026 1.2K