ရှမ်းမြောက် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း စစ်တပ် ပြန်အသက်သွင်း… — The Irrawaddy - Burmese — TG.ME

ရှမ်းမြောက် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း စစ်တပ် ပြန်အသက်သွင်း

ဧရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၆

နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ရပ်နားခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ တောင်ဘက် မိုင် (၂၀)ခန့်အကွာ တောင်ခြေကျေးရွာအနီးရှိ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းများအား အာဏာသိမ်းအစိုးရက ပြန်လည်စတင်နေကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၆ သန်းကျော်ရှိသော ထို စီမံကိန်းအား ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)မှ ကျောက်မဲမြို့နှင့်အတူ ထိန်းချုပ်နိုင်ခဲ့ရာ တနှစ်ခွဲအကြာ ယခုနှစ်ဆန်းတွင် စစ်တပ်က ပြန်လည်သိမ်းယူခဲ့ပြီးနောက် တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စီမံကိန်း အဆောက်အအုံများအား ပြန်လည် ပြုပြင်နေသလို မီးပေးဝေရေးစနစ်နှင့် လမ်းများ တည်ဆောက်နေကြောင်းလည်း သိရသည်။

အထက်ရဲရွာ စီမံကိန်းကြောင့် ရေကာတာအထက်ပိုင်းရှိ သီပေါမြို့နယ်ရှိ ဘော်ကြို၊ မန်ဟဲ၊ ကျင်စီ၊ နမ့်အွန်၊ နားမခေါ်၊ နမ့်လန်၊လောဝ်ခွန်၊ ကုန်းဆော့၊ မန်မွန်း၊ ဟိုခဲနဲ့ ကောင်းခံ ကျေးရွာအုပ်စုများ ရေမြုပ်နိုင်ပြီး လူဦးရေ လေးသောင်းနီးပါး ထိခိုက်နိုင်ကာ ရေကာတာအောက်ပိုင်း ကျောက်မဲမြို့နယ်တွင်လည်း ရေခမ်းခြောက်သွားနိုင်၍ ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက နှစ်စဉ် ကန့်ကွက်နေခဲ့ကြသည်။

စီမံကိန်းတည်ရှိရာအနီးသို့ သွားရောက်ခဲ့သည့် ကျောက်မဲမြို့ခံ အမျိုးသားတဦးက “လုံခြုံရေးတပ်တွေ ချပြီး စီမံကိန်း ပြန်စနေပြီ။ လိုဏ်ခေါင်းတွေလည်း ဖောက်ထားတယ်။ လတ်တလော စီမံကိန်း တည်ဆောက်နေမူကို ပြည်သူတွေထံ ချပြသင့်တယ်“ဟု ဧရာ၀တီသို့ ပြောသည်။

လက်ရှိအချိန်ထိ စီမံကိန်းကြောင့် ထိခိုက်နစ်နာရမည့် ဒေသခံများအတွက် ထိုက်တန်သော လျော်ကြေးပေးအပ်မှု မရှိသေးသလို ရွှေ့ပြောင်းနေရာချထားရေး လုပ်ဆောင်မှု မရှိသေးဘဲ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိခိုက်မှု၊ ငလျင်အန္တရာယ် စိုးရိမ်ရမှုများ ရှိနေကြောင်း ထောက်ပြမှုများ ရှိနေသည်။

စီမံကိန်းတည်ရှိရာ တောင်ခြေကျေးရွာပတ်လည်အား စစ်တပ်မှ လုံခြုံရေးအင်အား တရာကျော် ချထားပြီး အ၀င်အထွက် ပိတ်ထားသလို အိမ်ခြေ တရာကျော်ရှိခဲ့သည့် တောင်ခြေရွာသည် စစ်တပ် ခြိမ်းခြောက်မှုကြောင့် ၁၀ အိမ်ခန့်ကျော်သာ လူနေထိုင်တော့ကြောင်း ၎င်းက ဆိုသည်။

၂၀၂၁ အာဏာမသိမ်းမီ တရုတ်နှင့် အခြားနိုင်ငံများ ပူးပေါင်း တည်ဆောက်ခဲ့သော်လည်း လက်ရှိတွင် တရုတ်နိုင်ငံသား ပညာရှင်နှင့် လုပ်သားများသာ ပါ၀င် တည်ဆောက်နေပြီး စီမံကိန်းနေရာတွင် သတ္တုတွင်းထွက်များလည်း တူးဖော်ထုတ်ယူနေကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ခန့်မှန်း ၂၈၀ မီဂါဝပ် ထုတ်လုပ်နိုင်မည့် ထိုစီမံကိန်းအား လက်ရှိတွင် ပင်မကွန်ကရစ်ရေကာတာကြီး မတည်ဆောက်သေးသော်လည်း ရေလွှဲဥမင်၊ ရုံးများ၊ လမ်းတံတားများနှင့် အခြေခံအဆောက်အအုံများဖြင့် တည်ဆောက်မှု ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးထားကာ ၂၀၃၀ တွင် အပြီးသတ် တည်ဆောက်နိုင်ရန် လျာထားသည်။

မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်ပေါ်တွင် တည်ဆောက်နေသည့် အထက်ရဲရွာစီမံကိန်းနှင့်အတူ ထိုမြစ်ပေါ်တွင် ကျောက်မဲနှင့် နောင်ချိုမြို့နယ်အစပ် အလယ်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း၊ သီပေါနှင့် နမ္မတူမြို့နယ်အစပ် နမ္မတူ ရေအားလျှပ်စစ် စီမံကိန်း စုစုပေါင်း ၃ ခု တည်ဆောက်ရန် ရှိပြီး ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားများအား မဟာဓာတ်အားလိုင်းကွန်ရက်သို့ ပို့ဆောင်ကာ တနိုင်ငံလုံးသို့ ပြန်လည်ဖြန့်ဖြူးပေးသွားမည်ဟု သိရသည်။

ပုံစာ-စီမံကိန်းနေရာကို အထက်မှ မြင်ရပုံ/CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎38❤20👍7😁1
September 26, 2026 5.2K 5