ဗန်းမော်မှ စုန်ဆင်းလာသည့် တွဲသင်္ဘော ၄ စင်းထက်မနည်း ဒရုန်းဖြင့်… — The Irrawaddy - Burmese — TG.ME

ဗန်းမော်မှ စုန်ဆင်းလာသည့် တွဲသင်္ဘော ၄ စင်းထက်မနည်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဧရာဝတီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၆

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှ မန္တလေးဘက်သို့ ပြန်လည်စုန်ဆင်းလာသည့် တွဲသင်္ဘောများအပါအဝင် စစ်သင်္ဘောများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်းတပ်များက ဒရုန်းများဖြင့် တိုက်ခိုက်ရာ စစ်သင်္ဘော ၁ စင်းအပါအဝင် တွဲသင်္ဘော ၄ စင်းထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မှ ပြန်လည်စုန်ဆင်းလာသည့် စစ်တပ်၏သင်္ဘောအုပ်စုကို ဗန်းမော်နှင့် ရွှေကူကြား စာဝတီးနှင့် သပြေကုန်းရွာအနီး၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ကံသာနှင့် ရေနီရွာအနီး၌ တွန်းသင်္ဘော ၃ စင်း၊ တိုက်ခိုက်ရေးသင်္ဘော ၁ စင်း၊ အမြန်စက်လှေတစင်းတို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“ကံသာရေနီရှေ့မှာ နှစ်စင်း လောင်နေတယ်၊ အောက်ကို ဆင်းမယ့် သံခွန်တွေ အများကြီး အဲဒီမှာ သောင်တင်နေတယ်။ သောင်တင်ဆိုတာ အောက်ကိုလည်း မဆင်းရဲ၊ ဗန်းမော်ဘက်လည်း ပြန်မတက်ရဲ ဖြစ်နေကြတာ။ ဒီနေ့မနက်အစောကြီး ၁ စင်း မီးလောင်တယ်၊ နေ့လယ် ၁ စင်း လောင်တယ်။ မနေ့က ၃ စင်း ဆင်းတာ၊ တစင်း မီးလောင်ပြီး မြုပ်သွားတယ်။ သံခွန်က သူ့ဘေးနားမှာ သုံးစင်းပါတာ၊ လေးစင်းပါတာ ရှိတယ်၊ အဲဒီလိုမျိုး တွန်းသင်္ဘောတွေပေါ့။ စစ်သင်္ဘောတစင်း၊ သံခွန်လေးခုနဲ့ တွဲသင်္ဘောတွေကတော့ ၁၀ စင်းနဲ့ ၁၅ စင်းကြားလောက် ပါမယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်တပ်က ဗန်းမော်မြို့နယ်နှင့် ဧရာဝတီမြစ်ကြောင်းတလျောက် ဗန်းမော်နှင့် ရွှေကူမြို့နယ် မြစ်ကမ်းဘေး ကျေးရွာများကို တိုက်လေယာဉ်များ၊ ဒရုန်းများအသုံးပြု၍ တိုက်ခိုက်နေကြောင်း၊ စက်တင်ဘာ ၁၂ ရက် မွန်းလွဲ၂ နာရီခန့်မှ စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းအထိ Y-12 လေယာဉ်များဖြင့် စာဝတီး၊ ညောင်ပင်သာနှင့် ဧရာဝတီမြစ်ကမ်းတလျောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ကောင်းတုန်ကျေးရွာဘက်သို့လည်း ဗုံးများကျရောက်ခဲ့ရာ ရွာလုံးကျွတ်နီးပါး နေအိမ်များ မီးလောင်ပျက်စီးခဲ့သလို အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။

ထို့အတူ စင်းခန်းတံတားအနီးနှင့် ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီး စစ်တပ်နှင့် KIA ပူးပေါင်းတပ်များကြား မြေပြင်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ သေဆုံးဒဏ်ရာရမှု များပြားနေကြောင်း သိရသည်။

“ဒီနေ့ဆိုရင် ၄၇ အရှေ့ ဖိုတီးဝမ်းနဲ့ ဖန်းခါးကုန်းအရှေ့ကနေ လယ်ကွင်းကို ဖြတ်ကျော်ပြီးမှ ကောင်းဂျာရမ် ကမ္ဘားနီရွာကို ဝင်လာတဲ့အဖွဲ့တွေကို တီးထည့်နေတာ ထိခိုက်သေဆုံးတာတွေ ရှိတယ်။ ၁၀၀ ကျော်လောက် ဝင်လာတာ အခု၊ သေနတ်ချည်းပဲတင် ၂၀ ကျော်လောက် ကောက်ရထားတယ်။ ဒီနေ့ ချနေကြတာ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

ထို့အတူ မန္တလေးဂေါဝိန်ဆိပ်မှ ရွှေကူ၊ ဗန်းမော်သို့ စစ်ကူနှင့် ရိက္ခာခဲယမ်းများ ဖြည့်တင်းရန် စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ရေး စစ်သင်္ဘော ၆ စင်း ဦးဆောင်ပြီး စစ်ရေယာဉ် အစင်း ၃၀ ကျော် ဧရာဝတီမြစ်ကြောင်းအတိုင်း ထပ်မံ ဆန်တက်လျက်ရှိကြောင်း သိရသည်။

KIA ဦးဆောင်သော ပူးပေါင်းတပ်များက ဧရာဝတီမြစ်ကြောင်းအတိုင်း ဖြတ်သန်းမောင်းနှင်လာသည့် စစ်သင်္ဘောများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လလယ်ပိုင်းမှ စက်တင်ဘာလလယ်ပိုင်းအထိ တိုက်ခိုက်ရေးစစ်သင်္ဘောများနှင့် ကုန်တင်သင်္ဘောများအပါအဝင် သင်္ဘော စုစုပေါင်း ၁၆ စင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သင်္ဘော၂ စင်းမှ စစ်သားနှင့်မိသားစုဝင် ၁၉၀ ဦး အလံဖြူထောင် အညံ့ခံခဲ့ခြင်းများလည်း ရှိခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👍77❤31😁4
September 13, 2026 5.5K 3