အာဆီယံ၊ ကုလနှင့် ILO၌ ကမ္ဘောဒီးယား ထောက်ခံပေးရန် မင်းအောင်လှိုင် တောင်းဆို
ဧရာဝတီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၆
အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခွင့်အရေးနှင့် အခန်းကဏ္ဍများ ပြန်လည်ရရှိရေး၊ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)တို့၌ ကမ္ဘောဒီးယားနိုင်ငံမှ ဆက်လက်ထောက်ခံပေးရန် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်နှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်။
ထို့ပြင် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို Zero Tolerance မူဝါဒဖြင့် သတင်းအချက်အလက်မျှဝေကာ ပူးပေါင်းတိုက်ဖျက်သွားလိုကြောင်းလည်း ပြောသည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် ဟွန်မာနက်က မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံတကာနှင့် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို ကြိုဆိုကြောင်း၊ မြန်မာ-အာဆီယံ ဆက်ဆံရေး ပုံမှန်အခြေအနေ ပြန်လည်ရရှိရေးအတွက် ကမ္ဘောဒီးယားက ဆက်လက်ထောက်ခံကြိုးပမ်းမည်ဖြစ်ပြီး မြန်မာ့အရေးကို မြန်မာနည်း မြန်မာ့ဟန်ဖြင့် ဖြေရှင်းမှုအား ထောက်ခံကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
ထို့ပြင် တနင်္သာရီကမ်းလွန်ရှိ M-15 တွင် ဓာတ်ငွေ့သိုက်အသစ်တွေ့ရှိမှု၊ ဓာတ်ငွေ့ပို့ဆောင်ရေးနှင့် LNG စက်ရုံ တည်ဆောက်ရေးအပါအဝင် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်မာနက်က ဆိုသည်။
တပ်မတော်နှစ်ရပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တရပ် တည်ဆောက်သွားမည်ဖြစ်သလို ကုန်သွယ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) ကဏ္ဍ၊ E-Government၊ တိုက်ရိုက်လေကြောင်းခရီးစဉ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ပြောသည်။
ထို့နောက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင်နိုင်ရေးနှင့် အကာအကွယ်ပေးရေး ဆိုင်ရာ သဘောတူစာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်၊ ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ပြန်ကြားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (၄) ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ကမ္ဘောဒီးယားခရီးစဉ်သည် မင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲမှ ၄ ခုမြောက် ခရီးစဉ်ဖြစ်ပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးဖြစ်သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
50
6
5
5
3September 12, 2026 3.9K 4