ဝါကျကဏ္ဍ” ဟုသာ ပြောထားပါသည်။ သာဓကဝါကျများကို ဆန်းစစ်ကြည့်လျှင် အဘယ်ကြောင့် “နာမ်အထူးပြုဝါကျကဏ္ဍ” ဟု မပြောသင့်ဘဲ “နာမ်အထူးပြုပါသောဝါကျကဏ္ဍ” ဟုပြောသင့်ကြောင်းပို၍ ထင်ရှားလာပါမည်။
နာမ်အထူးပြုဝါကျကဏ္ဍပါ သာဓကဝါကျနှစ်ခုတွင် မည်သည့်ဝါကျကဏ္ဍများ ပါဝင်ကြောင်း၊ အဘယ်ကြောင့် ဝါကျရောဖြစ်ကြောင်း ရှင်းလင်းဖော်ပြရန် လိုအပ်ပါသည်။
သာဓကဝါကျ (၁)
ကျွန်တော်ဖတ်နေသောစာအုပ်မှာ စိတ်ဝင်စားစရာကောင်းသည်။ (စာ ၇၆)
ဤဝါကျတွင် ‘ကျွန်တော်ဖတ်နေသောစာအုပ်မှာ’ သည် အမှီဝါကျကဏ္ဍဖြစ်ပြီး ‘စိတ်ဝင်စားစရာ ကောင်းသည်’ သည် သီးခြားဝါကျကဏ္ဍ ဖြစ်သည်။ ‘ကျွန်တော်ဖတ်နေသောစာအုပ်မှာ’ သည် နာမ်သဘောဆောင်သော ဝါကျကဏ္ဍပင်ဖြစ်သော်လည်း နာမ်အထူးပြုပါရှိသည့် ဝါကျကဏ္ဍ ဖြစ်သည်။ ထို့ကြောင့် ဤဝါကျကဏ္ဍကို နာမ်အထူးပြုပါသော ဝါကျကဏ္ဍဟု သာသတ်မှတ်သင့်သည်။ ဤဝါကျကဏ္ဍ တစ်ခုလုံးအနေဖြင့် နာမ်အထူးပြုဝါကျကဏ္ဍသဘော မဆောင်ပါ။
ဤဝါကျကဏ္ဍကို ခွဲခြမ်းစိတ်ဖြာ ကြည့်မည် ဆိုလျှင် -
ကျွန်တော်စာအုပ်ဖတ်နေသည်။ (ဝါကျရိုး)
စိတ်ဝင်စားစရာကောင်းသည်။ (ဝါကျရိုး)
ကျွန်တော်ဖတ်နေသည့်စာအုပ်မှာ (နာမ်အထူးပြုပါသော အမှီဝါကျကဏ္ဍ) + စိတ်ဝင်စားစရာ ကောင်းသည်။ (အမှီခံဝါကျကဏ္ဍ)
= ကျွန်တော်ဖတ်နေသည့်စာအုပ်မှာ စိတ်ဝင်စားစရာကောင်းသည်။ (ဝါကျရော)
သာဓကဝါကျ (၂)
အင်မတန်သာယာတဲ့ နေရာကလေးပါပဲ။
ဤဝါကျကို နားလည်သဘောပေါက်ရန် သေချာစွာ လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါသည်။
အင်မတန်သာယာတယ်။ (ဝါကျရိုး)
နေရာကလေးပါပဲ (ပါ/ပါပဲ = ဖြစ်ပါတယ်) (ဝါကျရိုး)
အင်မတန်သာယာတဲ့နေရာကလေး (နာမ်အထူးပြုပါသော အမှီဝါကျကဏ္ဍ) + ဖြစ်ပါတယ်။ (အမှီခံဝါကျကဏ္ဍ)
အင်မတန်သာယာတဲ့နေရာကလေး ပါပဲ။ (ဝါကျရော)
မြန်မာဘာသာစကားတွင် “ပါ/ပါပဲ” နှင့်ဆုံးသော ဝါကျဖွဲ့စည်းပုံကို အထူးသတိပြုသင့်ပါသည်။ ‘ပါ/ပါပဲ’ ကိုအသုံးပြုသည့်အခါ ကြိယာမပါဘဲ ဝါကျဖွဲနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာတွင် ဝါကျအနေအထားအရ “ပါ/ပါပဲ” သည် ဖြစ်ခြင်းပြကြိယာ ကို ကိုယ်စားပြုနိုင်သောကြောင့်ဖြစ်သည်။ “ကျွန်တော်မောင်အောင်ပါ” ဆိုလျှင် မောင်အောင်ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်၍၊ “သာယာတဲ့နေရာ ကလေးပါပဲ” ဆိုလျှင် သာယာသည့် နေရာဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်သည်။တစ်နည်းအားဖြင့် “ကျွန်တော် မောင်အောင်ဖြစ်ပါတယ်”၊ “သာယာတဲ့နေရာကလေးပဲဖြစ်ပါတယ်” ဟူသော ဝါကျတွင်ပါသည့် ဖြစ်ခြင်းပြ ကြိယာပုံစံဖြစ်သော ‘ဖြစ်ပါတယ်’ ကို ‘ပါ/ ပါပဲ’ တို့ဖြင့် ဝါကျပုံပြောင်းဖွဲ့စည်းမှု (Sentence Transformation) အဖြစ် အသုံးပြုထားခြင်းဖြစ်သည်။
ကြိယာအထူးပြုဝါကျကဏ္ဍ
ကြိယာအထူးပြုဝါကျကဏ္ဍကို “ကြိယာအထူးပြုသဘောသက်ရောက်သောဝါကျကဏ္ဍဖြစ်သည်” (စာ ၇၆) ဟု ဖွင့်ဆိုထားသည်။ နာမ်အထူးပြုဝါကျကဏ္ဍတွင် “နာမ်အထူးပြုသဘောသက်ရောက်သော” ဟု မဖွင့်ဆို သင့်သော်လည်း ကြိယာအထူးပြုဝါကျကဏ္ဍကို “ကြိယာအထူးပြုသဘောသက်ရောက်သော” ဟု ဖွင့်ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော ဤအမှီဝါကျကဏ္ဍတစ်ခုလုံးသည် အမှီခံဝါကျ၏ ကြိယာကို အထူးပြုနိုင်သော သဘောရှိသောကြောင့် ဖြစ်ပါသည်။
သို့ရာတွင် ဤကဏ္ဍတွင် သာဓကဝါကျ ၂၁ ခုကို ဖော်ပြထားပြီး ထိုသာဓကများတွင် ဝါကျရိုးနှင့် ဝါကျရောများ ရောနှောနေပါသည်။ ဝါကျရိုးများပါဝင်နေသဖြင့် ထိုဝါကျရိုးများကို ဝါကျကဏ္ဍခွဲခြားရှင်းပြရန် မဖြစ်နိုင်ပါ။ကျောင်းသုံးစာအုပ်တွင် နံပါတ်စဉ်မပါရှိသော်လည်း ရှင်းလင်းရာတွင်လွယ်ကူစေရန် နံပါတ် တပ်ထားပါသည်။ စာမျက်နှာ ၇၆ ပါ သာဓကဝါကျများဖြစ်ပါသည်။
(၁) မိုးရွာလျှင် မိုးရေချိုးမည်။ (ဝါကျရော)
(၂) စာမေးပွဲအောင်သောကြောင့် ကျွန်တော် ပျော်ရွှင်သည်။(ဝါကျရော)
(၃) လှလှသည် နေမကောင်းသော်လည်း ကျောင်းတက်သည်။(ဝါကျရော)
(၄) ကျွန်တော်ပြန်ရောက်တော့ မေမေ အိပ်နေပြီ။ (ဝါကျရော)
(၅) ကျန်းမာရေးနှင့်ညီညွတ်အောင် ကိုယ်လက်လှုပ်ရှားရသည်။ (ဝါကျရော)
(၆) ကလေးများသည် လက်ပြ၍ နှုတ်ဆက်ကြသည်။ (ဝါကျရော)
(၇) ကြိုက်သလောက် ယူသွားပါ။ (ဝါကျရော)
(၈) သူကြိုးစားသကဲ့သို့ ကျွန်တော်ကြိုးစားသည်။ (ဝါကျရော)
(၉) နေသည်အရှေ့မှထွက်၍ အနောက်သို့ဝင်သည်။ (ဝါကျရော)
(၁၀) ဆရာသည် အပြောလည်းကောင်း၍ စာရေးလည်းကောင်းသည်။ (ဝါကျရော)
(၁၁) မိုးသံကြားသည်နှင့်တစ်ပြိုင်နက် လယ်သမားတို့ ထွန်တုံးပြင်ဆင်ကြသည်။ (ဝါကျရော)
(၁၂) အစ်ကိုရော၊ အစ်မရော လာခဲ့ပါနော်။ (ဝါကျရိုး)
(၁၃) အစ်ကိုဖြစ်စေ၊ အစ်မဖြစ်စေ လာခဲ့ပါ။ (ဝါကျရိုး)
(၁၄) အစ်ကိုသော်လည်းကောင်း၊ အစ်မသော်လည်းကောင်း လာခဲ့ပါနော်။ (ဝါကျရိုး)
(၁၅) အဖေ့ကိုလည်းကောင်း၊ အမေ့ကိုလည်းကောင်း ရှိခိုးကန်တော့ပါသည်။ (ဝါကျရိုး)
(၁၆) ကားဖြင့်သော်လည်းကောင်း၊ ရထားဖြင့်သော်လည်းကောင်း သွားမည်။ (ဝါကျရိုး)
(၁၇) မနက် သို့မဟုတ် ညနေ လာခဲ့မည်။ (ဝါကျရိုး)
(၁၈) ကလေးငယ်သည် ပြေးရင်း မုန့်စားနေသည်။ (ဝါကျရော)
(၁၉) ဆရာသည် ရယ်မောကာ ရှင်းပြနေသည်။ (ဝါကျရော)
(၂၀) ဤအခန်းထဲသို့ ဖိနပ်မချွတ်ဘဲမဝင်ရ။ (ဝါကျရော)
(၂၁) ဤအခန်းထဲသို့ ဖိနပ်မချွတ်ဘဲဝင်နိုင်သည်။ (ဝါကျရော)
9August 9, 2026 6.2K 1 11