NWAY:
နဝမတန်းမြန်မာသဒ္ဒါ၊ နံပါတ် ၁၉
“ဝါကျရော” သင်ခန်းစာကို လေ့လာကြည့်ခြင်း
*****
မိတ်ဆွေ မြန်မာစာဆရာတစ်ဦးက ကြိယာအထူးပြုဝါကျကဏ္ဍကို ကြည့်ပေးရန် ပြောလာသည့်အတွက် ကြည့်မိပြီးနောက် ဤစာကို ရေးဖြစ်ပါသည်။ စင်စစ် မြန်မာသဒ္ဒါကိစ္စသည် ထိလွယ်ရှလွယ်သည့်အတွက် ကျွန်တော်ဆွေးနွေးရန် ဆန္ဒမရှိလှပါ။ သို့သော် ကျောင်းသင်မြန်မာစာ ဖြစ်နေသည့်အတွက် သင်ကြားပေးနေကြရသည့် ဆရာဆရာမများအဆင်ပြေစေရန် သိသင့်သိထိုက်သည်များကိုမူ ရှင်းလင်း ဆွေးနွေး ပြောပြသင့်သည်ဟု ယူဆပါသည်။ ပညာရပ်ဆိုင်ရာရှုထောင့်မှသာ တင်ပြပါမည်။
နဝမတန်းမြန်မာစာကျောင်းသုံးစာအုပ်၊ အပိုင်း ၂ မြန်မာသဒ္ဒါ အခန်းတွင် အခန်းခွဲနံပါတ် ၁၉ “ဝါကျရော” သင်ခန်းစာပါရှိပါသည်။ စာမျက်နှာ ၇၅ မှ ၇၈ ထိ ဖြစ်ပါသည်။
သင်ခန်းစာအစတွင် “မြန်မာဝါကျဖွဲ့ပုံအရ ဝါကျဖွဲ့ပုံ ၂ မျိုးရှိပါသည်။” (စာ ၇၅) ဟု စတင် ဖော်ပြ ထားပါသည်။ မြန်မာသဒ္ဒါ စာအုပ်တွင်လည်း ဤသို့ပင်ဖော်ပြပါသည်။ ယေဘုယျအားဖြင့် ဝါကျဖွဲ့ပုံ ၂ မျိုးရှိသည်ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် ဘာသာဗေဒနည်းအရ အသေးစိတ်စိစစ်လေ့လာမည်ဆိုလျှင် ဝါကျဖွဲ့ပုံ အမျိုးအစားမှာ ၂ မျိုးထက်မက ရှိပါသည်။ ဤအချက်မှာ ပညာရပ်ဆိုင်ရာသုတေသနကိစ္စဖြစ်၍ ဤနေရာတွင် အကျယ်မပြောတော့ပါ။ အခြေခံပညာအဆင့် ကျောင်းသူကျောင်းသားများအနေဖြင့် မြန်မာဝါကျတွင် ယေဘုယျအားဖြင့် ဝါကျဖွဲ့ပုံ ၂ မျိုးရှိသည် ဟု မှတ်ယူထားလျှင် လုံလောက်ပါသည်။
‘ဝါကျရော’ ဖွင့်ဆိုသတ်မှတ်ချက်ကို “ဝါကျရိုး ၂ ခု သို့မဟုတ် ၂ ခုထက်ပိုသော ဝါကျရိုးဖြစ်စေရန် အဆက်ပစ္စည်းများဖြင့်ဆက်ထားသော ဝါကျဖြစ်သည်။” (စာ ၇၅) ဟု ဖော်ပြထားပါသည်။ အခြေခံပညာ ကျောင်းသင်အဆင့်တွင် ဤဖွင့်ဆိုချက်သည် ရှင်းလင်းလွယ်ကူပါသည်။ ဘာသာဗေဒတွင်မူ ဝါကျအမျိုးအစား သတ်မှတ်ရာတွင် ဝါကျကဏ္ဍ ခေါ် ‘Clause’ အပေါ်မူတည်၍ ဖွင့်ဆိုပါသည်။ ဝါကျတွင် ပါဝင်သော ဝါကျကဏ္ဍ ခေါ် ‘Clause’ အမျိုးအစားအပေါ်မူတည်၍ ဝါကျအမျိုးအစားကို သတ်မှတ်ပါသည်။ ပါဝင်သည့် ဝါကျကဏ္ဍအလိုက် ဆက်လက်လေ့လာပါသည်။ သင်ခန်းစာတွင်လည်း ဝါကျရောတွင် အမှီဝါကျကဏ္ဍ နှင့် အမှီခံဝါကျကဏ္ဍ ဟူ၍ ၂ မျိုး ရှိကြောင်းဖော်ပြပါသည်။
အမှီဝါကျကဏ္ဍကို ဘာသာဗေဒတွင် ‘Dependent Clause’ (DCl) ဟုခေါ်ပါသည်။ မြန်မာတွင် အမှီဝါကျခွဲဟုလည်းခေါ်ပါသည်။ အမှီခံဝါကျကဏ္ဍကို ဘာသာဗေဒတွင် ‘Independent Clause’ (ICl) ဟု ခေါ်ပါသည်။ မြန်မာတွင် သီးခြားဝါကျခွဲ၊ လွတ်လပ်သောဝါကျခွဲ ဟုလည်းခေါ်ပါသည်။ အမှီခံဝါကျ ကဏ္ဍသည် မိမိဘာသာ သီးခြားလွတ်လပ်စွာရပ်တည်နိုင်သော ဝါကျခွဲဖြစ်ပြီး အမှီဝါကျကဏ္ဍသည် အမှီခံ ဝါကျကဏ္ဍတွင်လာရောက်မှီခိုရပါသည်။
ထို့နောက် သင်ခန်းစာတွင် အမှီဝါကျကဏ္ဍကို နာမ်ဝါကျကဏ္ဍ၊ နာမ်အထူးပြုဝါကျကဏ္ဍ၊ ကြိယာ အထူးပြုဝါကျကဏ္ဍ ဟူ၍ အမျိုးအစား ၃ မျိုး ခွဲခြားပြပါသည် (စာ ၇၅)။ ထို အမျိုးအစားတစ်ခုစီအောက်တွင် သာဓကဝါကျများကိုလည်း ဖော်ပြထားပါသည်။
ဝါကျရော သင်ခန်းစာဖြစ်သဖြင့် သာဓကအဖြစ်ဖော်ပြထားသော ဝါကျများသည် ‘ဝါကျရော’ များ ဖြစ်သည်ဟု မှတ်ယူရမည်ထင်ပါသည်။ အမျိုးအစားအလိုက် ဝါကျရောသာဓကများထဲမှ “ဒါကတော့ အမှီ နာမ်ဝါကျကဏ္ဍ၊ ဒါကတော့ အမှီခံဝါကျကဏ္ဍ”၊ “ဒါကတော့ အမှီ နာမ်အထူးပြုဝါကျကဏ္ဍ၊ ဒါကတော့ အမှီခံဝါကျကဏ္ဍ”၊ “ဒါကတော့ အမှီ ကြိယာအထူးပြုဝါကျကဏ္ဍ၊ ဒါကတော့ အမှီခံဝါကျကဏ္ဍ” စသည်ဖြင့် ရှင်းလင်းသင်ပြရမည်ထင်ပါသည်။ ကျွန်တော့်တွင် ဆရာကိုင်စာအုပ်မရှိသဖြင့် မည်သို့သင်ကြားရမည်ဟု လမ်းညွှန်ထားသည်ကိုမသိပါ။ မည်သို့ပင်ဖြစ်စေ ဝါကျရော သင်ခန်းစာဖြစ်သဖြင့် သာဓကဝါကျများသည် ဝါကျရောများဖြစ်သည်ဟု မှတ်ယူစရာဖြစ်ပါသည်။
သင်ခန်းစာပါအမျိုးအစားအလိုက် လေ့လာကြည့်ပါမည်။
နာမ်ဝါကျကဏ္ဍ (နာမ်အမှီဝါကျကဏ္ဍ)
နာမ်ဝါကျကဏ္ဍကို “နာမ်သဘောသက်ရောက်သော ဝါကျကဏ္ဍဖြစ်သည်” (စာ ၇၆) ဟု ဖွင့်ဆိုထားပါသည်။ ဖွင့်ဆိုချက်နှင့် သာဓကဝါကျ နှစ်ခုမှာ အငြင်းပွားစရာမရှိပါ။
သာဓကဝါကျ (၁)
အဖေခရီးသွားသည်မှာ ၅ ရက်ရှိပြီ။ (စာ ၇၆)
အဖေခရီးသွားသည်။ (ဝါကျရိုး)
၅ရက်ရှိပြီ။ (ဝါကျရိုး)
အဖေခရီးသွားသည်မှာ (အမှီဝါကျကဏ္ဍ/နာမ်အမှီဝါကျကဏ္ဍ) + ငါးရက်ရှိပြီ (အမှီခံဝါကျကဏ္ဍ)
= အဖေခရီးသွားသည်မှာ ငါးရက်ရှိပြီ။ (ဝါကျရော)
သာဓကဝါကျ (၂)
မနက်ဖြန်သူလာမည်ကို ကျွန်တော်သိသည်။
မနက်ဖြန်သူလာမည်။ (ဝါကျရိုး)
ကျွန်တော်သိသည်။ (ဝါကျရိုး)
မနက်ဖြန်သူလာမည်ကို (အမှီဝါကျကဏ္ဍ/နာမ်အမှီဝါကျကဏ္ဍ) + ကျွန်တော်သိသည်။ (အမှီခံဝါကျကဏ္ဍ)
မနက်ဖြန်သူလာမည်ကို ကျွန်တော်သိသည်။ (ဝါကျရော)
နာမ်အထူးပြုဝါကျကဏ္ဍ (နာမ်အထူးပြုအမှီဝါကျကဏ္ဍ)
နာမ်အထူးပြုဝါကျကဏ္ဍကို “နာမ်အထူးပြုသဘောသက်ရောက်သောဝါကျကဏ္ဍဖြစ်သည်” (စာ ၇၆) ဟု ဖွင့်ဆိုထားပါသည်။ ဤအပိုင်းတွင် ဆွေးနွေးစရာအကြောင်းရှိပါသည်။ ဤအခန်းခွဲငယ်ကို ‘နာမ်အထူးပြု ဝါကျကဏ္ဍ’ ဟု ဖော်ပြထားခြင်းသည်လည်းကောင်း၊ နာမ်အထူးပြုသဘောသက်ရောက်သော ဝါကျကဏ္ဍ ဖြစ်သည် ဟု ဖွင့် ဆိုထားခြင်းသည် ဆီလျော်မှုမရှိလှပါ။ စစ်စစ် ‘နာမ်အထူးပြုပါသောဝါကျကဏ္ဍ’ ဟုသာဖြစ်သင့်ပြီး သတ်မှတ်ဖွင့်ဆိုသင့်သည်။ မြန်မာသဒ္ဒါစာအုပ်တွင်လည်း “နာမဝိသေသနပါသော
3August 9, 2026 4.7K 12