အင်္ဂဝိဇ္ဇာဆေးပညာ - ကျမ်းရင်းအဆိုများ
[ ဗဟုသုတ Post ( 19 ) ]
အာပေါဓါတ်ဟု ခေါ်ဆိုရခြင်း အဓိပ္ပါယ်
**************************************
အာပေတိ သဟဇာတရူပါနီတိ အာပေါ။ ။ သဟဇာတရူပါနိ ၊ တကွဖြစ်ဘက်ကုပ်တို့ကို အာပေတိ၊ ပျံ့နှံ့တတ်၏။ ဣတိ၊ ဤအကြောင်းကြောင့်။ အာပေါ၊ အာပေါမည်၏။ သူသောစကားအရ၊ ယခုလူတို့အသိမှတ်ပြုကြသော ပကတိရေသည် ထိမိထိရာ ဝတ္ထုများကို စိမ့်၍ပျံ့နှံ့ သကဲ့သို့ ၊ ထို့အတူ ဖြစ်ဖော်ဖြစ်ဘက်ဖြစ်သော ရုပ်များကို ပျံ့နှံ့စိမ့်ဝင်၍ တခုသောရုပ်အစု၌ ရုပ်သဘောအမျိုးမျိုးတို့ကို ဖရို , ဖရဲ တကွဲတခြားစီ မဖြစ်ရအောင် ပေါင်းစုတွဲစပ်ခြင်း၊ ရုပ်ကလာပ်တခုနှင့်တခုကို စေးကပ်, တွယ်ဖွဲ့ ပေါင်းစုခြင်းဟု ဆိုအပ်သော "အစို" သဘောတို့ကို ပါဠိလို " အာပေါ" ၊ မြန်မာလို " ရေ" ဟုခေါ်ပါတယ်။ အာပေါဓါတ် လွန်ကဲသော ရုပ်စုကလေးတွေ သိန်း သန်း ကုဋေ မရေမတွက်နိုင်အောင် ပေါင်းစုမိသည်ရှိသော် ယိုစီးခြင်းအဖြစ်သို့ ရောက်ရပါတယ်။
အာပေါဓါတ်သည် အပေါက်, အခေါင်း ဟူသမျှတို့ကို ဖုံးခြင်း , ပိတ်ခြင်း, စေခြင်း , ကပ်ခြင်း သဘောရှိပါတယ်။ ရုပ်ကလာပ်တို့ကို ကြီးစေ , ပွားစေ , ဖောင်းစေ , ကြွစေ ခြင်းတို့ကို ဖြစ်စေပါတယ်။ မနိုင်သောဝန်ကို ချီကြွရသကဲ့သို့သို့ ထိုထိုကိစ္စကို ဆောင်ရွက်ရာ၌ ခန္ဓာကိုယ်ကို သွက်လက်ပေါ့ပါးစွာ မဆောင်ရွက်နိုင်အောင် လေးထိုင်းခြင်း, ပုပ်သိုးခြင်း , စေးချွဲခြင်း , အရည်ပျော်ခြင်း ဟူသမျှတို့သည် အာပေါဓါတ်၏ စွမ်းရည်သတ္တိကြောင့်ဖြစ်ပါတယ်။ အာပေါဓါတ်မှာ အမည်ကွဲ (၉)မျိုး ရှိပါတယ်။
(၁) လက္ခဏအာပေါ။ ။ တခုသောရုပ်ကလာပ်၌ ရုပ်အများတို့ကို ပေါင်းစုတွဲစပ်သော အစိုရေသဘော။
(၂) သမ္ဘာရအာပေါ။ ။ အစိုလွန်ကဲသော ရေအပေါင်းစု။
(၃) အာဗန္ဓနအာပေါ။ ။ တခုနှင့်တခုကို ပိတ်ဆို့ , စေ , ကပ် , တွဲစပ်သောရေ။
(၄) တေမနအာပေါ။ ။ စိုစွတ်သောရေ။
(၅) ပဂ္ဃရဏအာပေါ။ ။ ယိုစီးသောရေ။
(၆) မဓုရအာပေါ။ ။ ရေချို။
(၇) လောဏအာပေါ။ ။ ရေငန်။
(၈) ဗဟိဒ္ဓအာပေါ။ ။ အပြင်အရပ်၌ရှိသောရေ။
(၉) အဇ္ဈတ္တိကအာပေါ။ ။ အတွင်းအရပ်၌ ရှိသောရေ။
- တို့ ဖြစ်ပါတယ်။
စိမ့်ဝင်ပျံ့နှံ့တတ်သော အစိုသဘောကို ပါဠိလို " အာပေါ" ဟု ခေါ်ပါတယ်။ ထိုအစိုသဘောကိုပင် အစိတ်၌ရှိနေခြင်း၊ အပေါင်း၌ရှိနေခြင်းကို အစွဲပြု၍ " လက္ခဏ - သမ္ဘာရ " ဟု အမည်၂မျိုးဖြင့်ခေါ်ပါတယ်။ အစိုသဘောလွန်ကဲခြင်း၊ အနံ့အထက်ကို အစွဲပြု၍ " အာဗန္ဓန - တေမန - ပဂ္ဃရဏ " ဟု အမည်သုံးမျိုးဖြင့် ခေါ်ရပါတယ်။ ပထဝီအာပေါ လွန်ကဲခြင်း တူမျှသောကြောင့် ချိုသောအရသာ , စိမ့်သော အရသာကို အစွဲပြု၍ " မဓုရ " ၊ အာပေါဓါတ် သက်သက် လွန်ကဲသောကြောင့် " လောဏ " ဟု အမည်နှစ်မျိုးဖြင့် ခေါ်ရပါတယ်။ တည်နေရာကို အစွဲပြု၍ " ဗဟိဒ္ဓ ၊ အဇ္ဈတ္တိက " ဟု အမည်နှစ်မျိုးဖြင့် ခေါ်ရပါတယ်။ အာရုံ (၅) ပါးတို့၌ အဆိုပါအာပေါဓါတ် အမျိုးအစား ရှိပုံတို့ကို ခွဲခြား၍ သိရပါမည်။
အာပေါဓါတ်သည်လည်း အနုံ့ , အထက် , ဖြစ်ပျက်ပုံ , အခိုက်အတန့်ကို အစွဲပြု၍ " အာဗန္ဓန - ပဂ္ဃရဏ " ဟု သဘောနှစ်မျိုးရှိပါတယ်။ ခြောက်သွေ့သော ဝတ္ထုတို့၌ တည်ရှိသော အာပေါဓါတ်ကို ရုပ်စုတခုနှင့် တခုကို ပေါင်းစုတွယ်ကပ် ဖွဲ့စည်းခြင်းသဘော ထင်ရှားသောကြောင့် " အာဗန္ဓန " အာပေါဟု ခေါ်ပါတယ်။ ။ ယိုစီးစွတ်စိုသော ဝတ္ထုတို့၌ တည်ရှိသော အာပေါဓါတ်ကို " ပဂ္ဃရဏ " အာပေါဟု ခေါ်ပါတယ်။ အာဗန္ဓန အာပေါမှာ - အနုံ့သဘော ၊ ပဂ္ဃရဏ အာပေါမှာ - အထက်သဘော ဖြစ်ပါတယ်။ ကျောက်ခဲ , သံခဲ , လေဟုန် , မီးလျှံ အသက်ရှိသော သတ္တဝါတို့၏ကိုယ် ၊ စိမ်းစိုသော မြက် , သစ်ပင် , အုန်းရည် , ထန်းရည် , ကြံရည် , ပကတိရေ စသော သက်ရှိ , သက်မဲ့ , ဝတ္ထုကြီးငယ် ဟူသမျှတို့၌ သေးငယ်သော ပရမာဏုမြူမှ စ၍ မြင်းမိုရ်တောင်ကြီးတိုင်အောင် ရုပ်ကလာပ်တို့၏ စုဝေး , ဆိုင်ခဲ , တည်နေနိုင်မှုမှာ အာပေါဓါတ်၏ ပေါင်းစုလုံးထွေး၍ ထားမှုကြောင့်သာလျှင် အဆိုင်အခဲ အစုအဝေး ဖြစ်နိုင်ကြခြင်း ဖြစ်ပါတယ်။ အာပေါဓါတ် လုံးလုံးမရှိလျှင် ဘယ်ရုပ်စုတခုမှ ပေါင်းစု၍ ရှိနိုင်တော့မည် မဟုတ်ပါဘူး။ မြေပေါင်းစု , ရေပေါင်းစု , လေပေါင်းစု , မီးပေါင်းစု ဟူသမျှတို့၌ အာဗန္ဓန အားကြီးပါတယ်။ မြေဆက် , ရေဆက် , လေဆက် , မီးဆက် ပြတ်နေရာ ဟာလာဟင်းလင်း ကြားအရပ်တို့မှာ အာဗန္ဓန မရှိဟု မှတ်ရပါတယ်။
မှတ်ချက်။ ။ အရာရာတို့၌ အာဗန္ဓန ရှိနေပုံကို သဘောပေါက်အောင် စဉ်းစားမှ အာပေါဓါတ်၏ အားရှိ , အားမဲ့ , အနုံ့, အထက် , အယုတ် , အလွန် ဖြစ်ပုံကို သဘောကျမည်။ ပဂ္ဃရဏ ဖြစ်နေသော အာပေါအပေါင်းစုသည်လည်း အာဗန္ဓနသဘောရှိသည်ဟု သဘောပေါက်အောင် စဉ်းစားရပါမည်။ အရာရာတို့၌ အာဗန္ဓနသဘောလွန်လျှင် ပဂ္ဃရဏ သဘောမထင်ရှားပေ၊ ပဂ္ဃရဏ သဘောလွန်လျှင် အာဗန္ဓနသဘော မထင်ရှားဟု အာပေါတမျိုးတည်း၏ အခိုက်, အတန့် သဘော , ကွဲပြားပုံတို့ကို ခွဲခြား၍ မှတ်ရပါမည်။
🙏🙏🙏
အစာဝ အနာကင်း ဘယာရှင်းကြပါစေ။
14-10-2023; 9:18 pm