▪️စစ်မှုထမ်းသင်တန်း အမှတ်စဉ်သစ် စခါနီးကာလများတွင် အသည်းအသန် ပေါ်တာဆွဲ လူဖမ်း
-
အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းသင်တန်း အမှတ်စဉ်သစ် စခါနီးကာလများတွင် ၎င်းတို့သတ်မှတ်လူစာရင်း အရေအတွက်ပြည့်မှီဖို့အတွက် လူစုဆောင်းပေးနေသူများက နည်းလမ်းမျိုးစုံဖြင့် လူလိုက်ဆွဲနေသဖြင့် အဆိုပါကာလတို့တွင် အဖမ်းအဆီးဖြစ်စဉ် များလေ့ရှိသည်။
ယခုတကြိမ်တွင် စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၈ ရောက်လာပြီဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့ဝန်းကျင် သင်တန်းစတင်လိမ့်မည်ဟု ခန့်မှန်းရသည်။ ထို့ကြောင့် ဩဂုတ်လ ၂၀ ရက်နေ့နောက်ပိုင်းမှစ၍ လူရမ်းသမ်းဆွဲဖမ်းသည့်ဖြစ်စဉ်များ ခပ်စိပ်စိပ်ပြန်တွေ့လာရသည်။ ပြီးခဲ့သည့် အမှတ်စဉ် ၂၇ ကို ဩဂုတ်လ ၃ ရက်နေ့တွင် စတင်ခဲ့ပြီး လူလိုက်ဆွဲသည့်ဖြစ်စဉ်များမှာ ဇူလိုင်လ ၁၅ ရက်နေ့ဝန်းကျင်မှစပြီး ခပ်စိပ်စိပ် ဖြစ်ပေါ်လာခဲ့သည်။ ရှေ့အမှတ်စဉ်များတွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။
လူလိုက်ဆွဲသည့်အဖွဲ့များက နည်းလမ်းမျိုးစုံ သုံးသည်။ လမ်းပေါ်/လမ်းဘေး/ကားမှတ်တိုင်တို့၌ ရှိနေသူများကို ကားပေါ်ဆွဲတင်ဖမ်းခြင်း၊ လူငယ်တို့၏ ဖုန်း/အိတ်များကို ယူစစ်ပြီး ဖမ်းခြင်း၊ အလုပ်ရှိသည်ဟု မျှားခေါ်ပြီး ဖမ်းခြင်း၊ မြို့ဝင်မြို့ထွက်ဂိတ်များတွင် Database ဖြင့် တိုက်စစ်ပြီး ဖမ်းခြင်း၊ ဧည့်စာရင်းစစ်ပြီး ဖမ်းခြင်း၊ စစ်မှုထမ်းဖို့ အလှည့်ကျသည်ဟုဆိုပြီး အိမ်ထိလာဖမ်းခြင်း စသည့်နည်းလမ်းများဖြင့် လူစုဆောင်းနေသည်ကို အတွေ့များသည်။ မူးယစ်ဆေးတွေ့သည်ဟု အမှုဆင်ဖမ်းပြီး စစ်မှုထမ်းခိုင်းသည့် ဖြစ်စဉ်များလည်း ရှိသည်။
လမ်းပေါ် လိုက်ဆွဲသည့်အဖွဲ့များထဲ ပျူအဖွဲ့၊ လူမိုက်အဖွဲ့၊ အုပ်ကြီးအဖွဲ့တို့အပြင် အရပ်ဝတ်လဲထားသည့် ရဲများ စစ်သားများလည်း ပါတတ်သည်။ ရဲယူနီဖောင်းဝတ်၊ စစ်ယူနီဖောင်းဝတ်များလည်း တခါတခါတွေ့ရသည်။
၎င်းတို့ ဆွဲထားသည့်သူများထဲမှ ပိုက်ဆံတတ်နိုင်သူပါပါက မိသားစုထံမှ ငွေညစ်ကာ ပြန်လွှတ်ပေးတတ်သည်။ ပိုက်ဆံတတ်နိုင်သူ မဟုတ်က တခြားလိုအပ်နေသည့်အဖွဲ့များ (ရပ်ကွက်ခြား၊ မြို့နယ်ခြား၊ ပြည်နယ်/တိုင်းခြား) ထံ ပြန်ရောင်းစားကြသည်။ စစ်မှုထမ်းသင်တန်းအတွက် လူပို့ဖို့ရက် အလွန်နီးကပ်နေပါက ပြန်ရွေးထုတ်ခွင့်ပင်မပေးတော့ပဲ လူစုဆောင်းသည့်နေရာများသို့ ချက်ချင်းပို့လိုက်တတ်သည်။
ယခုနောက်ပိုင်းတွင် လူပျောက်ကြော်ညာများကို လိုက်ကြည့်ပြီး ၎င်းတို့ဖမ်းထားသလိုလိုဖြင့် ပိုက်ဆံလိမ်တောင်းသူများ ရှိလာသည်ဟုလည်း ကြားသိရသည်။
04 Sep 2026
#RangoonScoutNetwork
Forwarded fromRSN WEB
3September 4, 2026 154 1