ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF: post #670 — TG.ME

ကျေလည်ပြီးသား သဘောတူညီချက်တွေကနေတဆင့်ပဲ တပ်ပေါင်းစုရဲ့ လုပ်ငန်းစဉ်ဟာ ထွက်ပေါ်လာရမှာဖြစ်ပါတယ်။ တပ်ပေါင်းစုက ကိုင်စွဲမယ့် စံတန်ဖိုးတွေနဲ့ လုပ်ဟန်တွေကို လက်တွေ့အကောင်အထည်ဖော်မယ့် တပ်ပေါင်းစုအဖွဲ့ဝင်ရဲဘော် တယောက်ချင်းစီတိုင်းကို စည်းရုံးပို့ချသွားရမှာဖြစ်ပြီး တပ်ပေါင်းစုတစုံလုံးအနေနဲ့ ဒီသဘောတရားကို လက်တွေ့ကျင့်သုံး စေရမှာဖြစ်ပါတယ်။ သို့သော် ဒီလိုလက်တွေ့ကျင့်သုံးမှုဟာ တပ်ပေါင်းစုမှာ ပါဝင်တဲ့ အဖွဲ့အစည်း တွေအကြား ဘုံသဘောတူညီထားတဲ့ အတိုင်းအတာအထိသာ ကျင့်သုံးအကောင်အထည် ဖော်ရမှာဖြစ်ပြီး ဒီထက်ကျော်လွန်တဲ့ သို့မဟုတ် နိမ့်ကျတဲ့ လုပ်ဟန်မျိုးတွေ ကျင့်သုံးလာတာ၊ အကောင်အထည်ဖော်လာတာကို တပ်ပေါင်းစုအဖွဲ့ဝင်တိုင်းက အထူးရှောင်ကြဉ်ရပါမယ်။ ဒီလို အကောင်အထည်ဖော်ရင်းနဲ့ပဲ တပ်ပေါင်းစုက ယုံကြည်လက်ခံတဲ့ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေး စနစ်၊ လူမှုရေးစနစ်တွေကို လက်တွေ့ကျင့်သုံးတဲ့ တပ်ပေါင်းစုအခြေခံဒေသ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ တပ်ပေါင်းစုအခြေခံဒေသဟာ တပ်ပေါင်းစုရဲ့ စစ်အင်အားနဲ့ တိုက်ယူထားတဲ့ ဒေသဖြစ်ရမှာဖြစ်ပြီး တပ်ပေါင်းစုရဲ့ အမြင်နဲ့ လုပ်ဟန်တွေကို လက်တွေ့အကောင်အထည်ဖော် ရမယ့်ဒေသဖြစ်လာပါမယ်။ တပ်ပေါင်းစုအခြေခံဒေသရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေး ကဏ္ဍတွေကို စီမံဖို့အတွက် တပ်ပေါင်းစုဝင်အဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေနဲ့ ဒေသခံလူထုက တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ ဒေသအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းရ မှာဖြစ်ပါတယ်။ ဒီနည်းအားဖြင့် တပ်ပေါင်းစုအခြေခံဒေသဟာ ဒေသတွင်းမှာရှိတဲ့ အခြေခံလူထုကို နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ လွတ်မြောက်အောင် အာမခံပေးနိုင်တဲ့ ဒေသဖြစ်လာ ပါတယ်။ တပ်ပေါင်းစုရဲ့ ဘဏ္ဍာရေးလုပ်ငန်းကို စီမံခန့်ခွဲရာမှာလည်း တပ်ပေါင်းစုမှာပါဝင်တဲ့ အဖွဲ့ အစည်းတွေ အချိုးကျပါဝင်စေပြီး အခြေခံဒေသကရရှိလာတဲ့ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ် တွေကိုလည်း တပ်ပေါင်းစုအတွင်းက အဖွဲ့အစည်းတွေ အချိုးကျ ပြန်လည်ခွဲဝေသုံးစွဲရမှာဖြစ် ပါတယ်။ ဒီနည်းအားဖြင့် တပ်ပေါင်းစုဟာ ပိုမိုကျစ်လျစ် စနစ်ကျတဲ့ အခြေအနေကို ရောက်ရှိ လာမှာဖြစ်ပြီး အကျိုးစီးပွားကြောင့်ဖြစ်တဲ့ ပြဿနာအတော်များများကို ကျော်လွှားနိုင်မှာပဲ ဖြစ်ပါတယ်။ တပ်ပေါင်းစုအတွင်းမှာ သဘောတရားရေးနဲ့ပတ်သက်လို့ တင်သွင်းတာ၊ ဆွေးနွေးတာ၊ ပြင်ဆင်တာတွေဟာ ရေရှည်နဲ့ တစိုက်မတ်မတ် ဆောင်ရွက်သွားရမယ့် အလုပ်ဖြစ်ပြီး လက်တွေ့ လုပ်ငန်းစဥ်တွေနဲ့ ချိန်ထိုးတာ၊ ဝေဖန်ရေးပေးတာ၊ စည်းရုံးတာတွေကို မပျက်မကွက် ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ဒီကတဆင့် တပ်ပေါင်းစုရဲ့ လုပ်ဟန်တွေဟာ တပ်ပေါင်းစုမှာပါဝင်တဲ့ အဖွဲ့အစည်းတွေအတွက် စံနမူနာယူစရာ လုပ်ဟန်တွေအဖြစ် ပေါ်လွင်လာမှာဖြစ်ပြီး တပ်ပေါင်းစုက တဆင့် မိခင်အဖွဲ့အစည်းတွေကိုပါ ‌လုပ်ဟန်ကောင်းတွေ ကူးစက်လာအောင် အဖွဲ့အစည်း အချင်းချင်း စည်းရုံးဝေဖန်ကြရမှာဖြစ်ပါတယ်။ ဒီလိုလိုက်နာကျင့်သုံးခြင်းအားဖြင့် ရေရှည်မှာ တပ်ပေါင်းစုဝင် အဖွဲ့အစည်းတွေဟာ လုပ်ဟန်အရသော်လည်းကောင်း၊ အတွေးအခေါ်အရသော် လည်းကောင်း တူညီလာကြမှာဖြစ်ပြီး တပ်ပေါင်းစုကတဆင့် ဒီလို အတွေးတူတဲ့ အဖွဲ့အစည်း အဝန်းအဝိုင်းကို ကျစ်လျစ်ခိုင်မာအောင် တည်ဆောက်သွားဖို့ ပြည်သူ့တော်လှန်ရေးတပ်ဦးက ရည်မှန်းပါတယ်။ -ရဲဘော်မိုးကောင်း -ပြည်သူ့တော်လှန်ရေးတပ်ဦး (ပြည်သူ့တော်လှန်ရေးတပ်ဦး မှ ထုတ်ဝေလျက်ရှိသည့် တပ်ဦးစာစဉ်အမှတ်(၉)တွင် ပါဝင်မည့် ဆောင်ပါးကဏ္ဍမှ ဆောင်းပါးတပုဒ်ဖြစ်ပါတယ်)

July 27, 2026 159