ညောင်တုန်းကိစ္စရယ်၊ ငဝန်တာ ကိစ္စရယ်ကို ကြည့်လိုက်ရင်…ဧရာဝတီမြစ်ဝကျွန်း… — နရီမိုး — TG.ME

ညောင်တုန်းကိစ္စရယ်၊ ငဝန်တာ ကိစ္စရယ်ကို ကြည့်လိုက်ရင်…ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေမှာ တာဘောင်တွေရဲ့ကြံ့ခိုင်မှုတွေက မဖြစ်မနေ စစ်ဆေးပြုပြင်ရမယ့် အခြေအနေ ရောက်လာပြီလို့ မြင်မိတယ်။ ညောင်တုန်းမှာဆိုရင်လည်း တာဘောင် တွေကို အရေးပေါ်ကာကွယ်ဖို့ သဲအိတ်တွေကို ဝါးတန်းတွေ ကြားထဲညှပ်ပြီး ကာနေတာမျိုး တွေ့ရတယ်။ ဒါကလည်း ကိုယ်တွေနိုင်ငံနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ အရေးပေါ် တည်ဆောက် ရေးစနစ်ဖြစ်လိမ့်မယ်။ နိုင်ငံတကာမှာတော့…HESCO လို့ခေါ်တဲ့ ခေါက်သိမ်းလို့ရတဲ့ သံကွန်ရက်တွေကြားထဲမှာ ကျောက်စရစ်ခဲတွေနဲ့ သဲတွေကို စက်ယန္တရားတွေနဲ့ ဖြည့်တဲ့ပုံစံမျိုး လုပ်ကြ တာလည်း မြင်မိတယ်။ ဒါကအချိန်သက်သာပြီး ပိုမြန်မယ့် သဘော ပဲ။
---------
နောက်ပုံစံတစ်ခုက Geotextile Tube တွေ သုံးတာမျိုးလည်း တွေ့ရတယ်။ မြစ်ကမ်းဘေးတွေမှာ ဒီ Tube တွေချပြီး အထဲကို ရေနဲ့ သဲတွေကို Pump နဲ့ဖြည့်တဲ့ ပုံစံမျိုး။ ရေက တဖြည်းဖြည်းစိမ့်ထွက်ပြီး သဲက ပြွန်ထဲမှာ ကျန်နေတဲ့အခါ တဖြည်းဖြည်း မြေသား တာဘောင်ပုံစံ ဖြစ်သွားတဲ့ သဘောမျိုး တည်ဆောက်ကြတာလည်း ရွေးချယ်စရာ တစ်ခုပဲ။ ကိုယ်တွေနိုင်ငံအတွက်တော့ နည်းနည်း အလှမ်းဝေးချင်ဝေးနိုင်မလားပဲ။
------
တတိယပုံစံတစ်မျိုးက ကျောက်ဖြည့် သံကွန်တိန်နာတွေ နဲ့ မြစ်ကမ်းဘေးမှာ တည်ဆောက်ကြတဲ့ ပုံစံမျိုးလည်း ရှိသေးတယ်။ ဒီပုံစံမှာတော့….သံကြိုးကွန်တိန်နာ Box ထဲကို ကျောက် စရစ်ခဲတွေဖြည့်ပြီး အလွှာလိုက် တည်ဆောက်ကြတယ်။ ရေတိုက်စား မှုများတဲ့ နေရာတွေမှာ ဒီလိုပုံစံမျိုး တည်ဆောက်တာ ခပ်များများ တွေ့ရတယ်။ ဆည်ဘောင်တွေမှာလည်း ဒီလိုပုံစံ လုပ်တတ်ကြတယ်။ ရေလှိုင်းရိုက်တာ ခံရပေမယ့် ရေကို လုံးဝပိတ်ထားတာမျိုးမဟုတ်တော့…ကျောက်ကြားတွေကနေ ရေဖိအား ဒဏ်ကို အထိုက်အလျော့ လျော့ချပေးနိုင်တဲ့ အားသာချက်လည်း သူ့မှာ ရှိတာ မြင်ရတယ်။
------
စတုတ္ထပုံစံမျိုးကတော့…Mudular Floodwall တွေပဲ။ ဒီပုံစံမျိုးကို ကမ်းနားလမ်းလို နေရာမျိုးနဲ့ မြစ်ချောင်းနီးတဲ့ နေရာတွေမှာ အသုံးများကြတယ်။ ဒါကတော့မြို့ပြ အနေအထားလောက်ပဲ အဆင်ပြေမယ့်သဘောပဲ။
-------
နောက်ဆုံး ပုံစံကတော့…လက်ရှိ ငဝန်တာမှာ သုံးနေတဲ့ Steel Sheet Pile တွေကို မြေကြီးထဲအထိ ရိုက်သွင်းပြီး ရေတားနံရံ တည်ဆောက်ကြတဲ့ ပုံစံမျိုးပဲ။ တာအောက်က ထူးကြော ပေါက်တဲ့ အခြေအနေမျိုးမှာ အရေးပေါ် သဲအိတ်ထက် အမြဲတမ်းရေကာတာ ပုံစံ မျိုးနဲ့ အသုံးပြုတာ ပိုများတယ်။ ဒါကလည်း ရေစီးအရမ်းသန်နေရင် နှောင့်နှေးမှု တွေ ကြုံရနိုင်တယ်။ လက်ရှိကတော့ Geo Bag သဲအိတ်တွေကို မြေပေါ်ကနေရော၊ သင်္ဘောပေါ် တွေကပါ ဆက်တိုက် ချနေတာမျိုးတော့မြင်ရတယ်။ အောက်ခံမြေသား မပျက်စီးဘူး ဆိုရင်တော့…ကွန်တိန်နာ Box တွေထဲ ကျောက်စရစ်ခဲ၊ သဲအိတ်တွေဖြည့်ပြီး ချတာရော အလုပ်ဖြစ်နိုင်မလားပေါ့။ ဘာပဲဖြစ်ဖြစ် …ရေကြီးရေလျှံမှုနဲ့ပတ်သက်ရင်… ဒါတွေက စိန်ခေါ်မှုနဲ့ သင်ခန်းစာတွေပါပဲ။

(နရီမိုး)
👍172❤32👎1🔥1🥴1😐1
September 1, 2026 3.3K 4 11