နှစ်ပေါင်း ၃၀ နီးပါးအတွင်းအကြိမ်ကြိမ်ပြန်ရိုက်နေရတဲ့ ရုပ်ပြစာအုပ်ကြီး ရတနာကြန်စုံ ဆင်ဖြူတော်ရဲ့ ထူးခြားချက်များ
✅ဇာတ်လမ်း ဇာတ်အိမ်ကြီးမားမှု
ပထမအကြိမ်ထုတ်စဉ်က ၆ အုပ်တိတိ ခွဲပြီး ထုတ်ရလောက်အောင် ဇာတ်လမ်းက ရှည်ပါတယ်။ ဆင်တွေရဲ့ ဓလေ့စရိုက်ကို ပီပြင်အောင်ဖွဲ့တယ်။ သရုပ်ဖော်တယ်။ ဒီစာအုပ်ကြီးကို ဖတ်ပြီးရင် ဆင်တွေအကြောင်း အတော်လေး သိသွားနိုင်မှာပါ။
✅စာမျက်နှာ အများဆုံး ရုပ်ပြစာအုပ်ကြီး
စာမျက်နှာ ၄၁၅ မျက်နှာ ရှိပြီး ဆရာဆွေမင်း(ဓနုဖြူ) ရဲ့ စာအုပ်တွေထဲမှာ စာမျက်နှာ အများဆုံးတွေထဲက တစ်အုပ်ဖြစ်သလို မြန်မာရုပ်ပြသမိုင်းမှာပါ စာမျက်နှာ အများဆုံးလို့ ပြောလို့ရနိုင်တဲ့ စာအုပ်ကြီးဖြစ်ပါတယ်။
✅မုဆိုးလောကရဲ့ အမှောင်ခြမ်း
မြိုင်ရာဇာဆိုတဲ့ ဘွဲ့ရရှိထားတဲ့ မုဆိုးကျော် ဦးတွတ်ပီဟာ ဒီဇာတ်လမ်းထဲမှာ မုဆိုးတွေရဲ့ အမှောင်ခြမ်းကို သရုပ်ဖော်သွားပါတယ်။ ဆင်စွယ်မုဆိုးများရဲ့ လောဘဇောကို သူကိုယ်တိုင်ပါ ရင်ဆိုင်ခဲ့ရပါတယ်။ ကောက်ကျစ်တဲ့ မုဆိုးတွေထက် ရိုးသားတဲ့ ဆင်တွေဘက်ကို ကာကွယ်ရပ်တည်ခဲ့ပါတယ်။
✅တည်းဖြတ်မှု
ရုပ်ပြစာအုပ်တွေဟာ ရုပ်ရှင်တွေလိုပဲ တည်းဖြတ်မှု အလွန်အရေးပါပါတယ်။ ရတနာကြန်စုံ ဆင်ဖြူတော်စာအုပ်မှာ ဆရာဆွေမင်း(ဓနုဖြူ) ရဲ့ ရုပ်ပြတည်းဖြတ်မှု အတက်ပညာကို ဘွင်းကနဲ ရှင်းကနဲ မြင်ရပါလိမ့်မယ်။ အဓိက ဇာတ်ကောင်ဟာ ဆရာတွတ်တစ်လှည့် ဆင်ကြီးဝဠာတစ်လှည့်စီနဲ့ ဇာတ်လမ်းကို ရေးသားသရုပ်ဖော်ခဲ့တယ်။ စာမျက်နှာ ၄၀၀ ကျော်ကို ဖတ်မှန်းမသိ ဖတ်သွားမိအောင် ဆွဲဆောင်နိုင်ခဲ့တာဟာ ဆရာဆွေမင်း(ဓနုဖြူ) ရဲ့ ဇာတ်ညွှန်း အတတ်ပညာပါပဲ။
✅ရသ
ရတနာကြန်စုံ ဆင်ဖြူတော်စာအုပ်ရဲ့ ပထမအကြိမ်ကို ၁၉၉၇ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်တာကြောင့် ၂၀၂၇ ခုနှစ်ဆိုရင် နှစ်ပေါင်း ၃၀ ပြည့်တော့မှာပါ။ နှစ်ပေါင်း ၃၀ နီးပါးရှိတဲ့ ဇာတ်လမ်း တစ်ပုဒ်ဟာ အခုချိန်ထိ အောင်မြင်နေတာ ဘာကြောင့်ပါလဲ။ ရှင်းပါတယ်… ရသစာပေမို့ပါ။ ရသမြောက်တဲ့ စာပေတွေဟာ ဘယ်နှစ်ကြိမ်ဖတ်ဖတ် ဘယ်အချိန်ဖတ်ဖတ်ရိုးသွားခြင်း မရှိဘူးဆိုတာ အခုစာအုပ်ကြီးက သက်သေထူလျက်ရှိပါတော့တယ်။

41
3June 23, 2026 3K 9