ချစ်ခြင်းမေတ္တာနဲ့မထိုက်တန်သူဆိုတာ တကယ်ရှိတယ်… — Mental Note — TG.ME

ချစ်ခြင်းမေတ္တာနဲ့မထိုက်တန်သူဆိုတာ တကယ်ရှိတယ်
ချစ်သူရည်းစားချစ်ခြင်းမှမဟုတ်ဘူး မိတ်ဆွေသူငယ်ချင်းကြားကမေတ္တာကအစ မထားအပ်တဲ့ လူတန်းစားတရပ်ကသပ်သပ်ရှိတယ်

အပယ်ခံထားရတိုင်း ပတ်ဝန်းကျင်မှားတာပါလို့
ကျွန်တော်တော့မမြင်ဘူး လူ့အသိုင်းဝိုင်းမှာဝင်မဆံ့နိုင်တဲ့ ကိစ္စရပ်ဟာ သူကိုယ်တိုင်ဖန်တီးထားတဲ့ ပြဿနာတွေကြောင့်‌ဆိုဘယ်လိုလုပ်မလဲ

ငယ်ငယ်က ကျွန်တော်ဖတ်ဖူးတဲ့ ပုံပြင်တစ်ပုဒ်ရှိတယ်။ ရှေးတုန်းက ‌သမားတော်တစ်ယောက်ဟာ တောထဲဆေးပင်တူးရင်း မျောက်တစ်ကောင် ဦးခေါင်းဒဏ်ရာကြီးရနေတာတွေ့လို့ ဂရုဏာဝင်ပြီး ခေါ်ယူဆေးကုသပေးခဲ့တယ်။ သက်သာပြီး ပျောက်ကင်းစပြုတော့ မျောက်တို့သဘာဝအတိုင်း အငြိမ်မနေမှာစိုး၍တကြောင်း သမားတော်ကြီးရဲ့ ရင်သွေးဟာ ငယ်လွန်းသေးတာကြောင့်တကြောင်း ဒီမျောက်ကို ပြန်လွှတ်ခဲ့တယ်။

ဒါပေမဲ့ဒီမျောက်ဟာ ဘယ်လိုနှင်နှင်ကပ်တွယ်ပြီး နေစရာစားစရာမရှိတဲ့အတွက် ငြိမ်ငြိမ်လေး ကျွေးတာစားကာနေပါ့မယ်ဆိုတဲ့ကတိကို ပေးလိုက်တယ်။ (မျောက်ကစကားပြောတတ်သလားဆို ‌ငယ်စဉ်ကပုံပြင်တွေထဲမှာ လူတွေနဲ့တိရိစ္ဆာန်တွေလည်း စကားပြောနိုင်ကြပါတယ်)

ဆက်ရရင် ဒီမျောက်နဲ့ကလေးငယ်ကိုထားခဲ့ပြီး ဆေးထွက်ရှာဖို့ကြုံလာပြန်တယ်။ စိတ်မချပေမဲ့ သွားရမှာမို့ ဒီကလေးနားကိုမဆော့ဖို့ အတန်တန်မှာကာ ထွက်သွားခဲ့တယ်။ ဒီဆေးဆရာကြီးပြန်လာတော့ မျောက်ကုတ်ထားတဲ့ဒဏ်ရာတွေနဲ့ ငိုနေတဲ့ကလေးငယ်ကိုတွေ့တော့ ရိုက်ပုတ်ရင်း ထိုမျောက်ကို မောင်းထုတ်လိုက်တယ်တဲ့။

ပုံပြင်ကတော့ ဒါလေးပဲ။ ကလေးငယ်လေးတွေဖတ်ဖို့ ရုပ်ပြနဲ့ထုတ်ထားတာမို့ ရည်ရွယ်ချက်တော့ ကြီးကြီးရှိပုံမပေါ်ပါဘူး။ ဒါပေမဲ့ ဘာသိရသလဲဆိုတော့ မေတ္တာနဲ့မထိုက်တန်လို့ စွန့်ပစ်ခံထားရသူကို ‌လိုတာထက်ပိုတဲ့မေတ္တာထပ်ပေးမိတော့ ကိုယ်လည်းနစ်နာရသလို ထပ်မံစွန့်ပစ်ရတဲ့အတွက် ကောင်းခဲ့သည့်အရာတွေထက် မကောင်းတဲ့လူလို့သာသတ်မှတ်ခံရလိမ့်မယ်။

တူမလေးတစ်ယောက်ရှိတယ် အခုမှမူကြိုတက်ခါစအရွယ်။ ကလေးကမိဘတွေထိန်းသိမ်းမှုကောင်းတာရော စိတ်ရင်းအခံလေးကြောင့်ရော လူတွေကိုစာနာသနားတတ်ပြီး အရွယ်လေး‌နဲ့မလိုက် ကိစ္စတော်တော်များများမှာ သူကစလျော့လေ့ရှိတယ်။

တစ်နေ့သူမူကြိုကပြန်လာတော့ ကိုယ့်နားပြေးလာပြီး သူဒီနေ့ဘယ်သူမှမပေါင်းတဲ့ကောင်မလေးကို မုန့်ဝယ်ကျွေးခဲ့ကြောင်း သိပ်သနားဖို့ကောင်းကြောင်း သူကသူငယ်ချင်းလုပ်ပေးမယ်ဆိုတဲ့အကြောင်း ‌ပြောပြတယ်။ ဒီတော့ကိုယ်လည်းမေးတယ် သူ့ကိုဘာလို့မပေါင်းကြတာလဲ သဲလေးသိလားဆိုတော့ ဟင့်အင်းတဲ့။

ကိုယ်လည်းဘာမှဆက်မပြောတော့ဘဲ သိပ်မကြာဘူးတစ်ပတ်လောက်နေတော့ ကလေးက ဒဏ်ရာရလာတယ် တစ်အိမ်လုံးအသဲနှလုံးလေးဆိုတော့ အကုန်စိတ်ပူတာပေါ့။ ကိုယ်သူ့ကိုအနားလေးအသာခေါ်ရင်းမေးကြည့်တယ်။ ဘယ်သူလုပ်တာလဲသဲလေးဆိုတော့ အဲ့ဒီကလေးမလေးတဲ့။

ဘာကြောင့်လဲကိုယ်မေးတော့ သမီးကသူ့ထက်စာအရင်ပြလို့တဲ့ နောက်ပြီးဟင်းကိုသူမစားတဲ့ဟင်းထည့်လာတာလည်း မကြိုက်ဘူးတဲ့။ ငိုမဲ့မဲ့နဲ့ကလေးငယ်လေးကို စိတ်ဒဏ်ရာမပေးလိုပေမဲ့ ထပ်မမှားအောင် သူငယ်ချင်းတွေသူ့ကိုမပေါင်းတဲ့ အကြောင်းရင်းခုရော သဲလေးသိပြီလားလို့မေးတော့ ခပ်မြန်မြန်လေးခေါင်းငြိမ့်ရှာတယ်။

ကျွန်တော်ပြောပြခဲ့တာတွေက မေတ္တာထားမိရုံပဲရှိသေးတာပါ။ ချစ်မိရင်ပိုဆိုးပါတယ်။ ချစ်ပါတယ်ဆိုပြီး ညှင်းပန်းတတ်တဲ့ အောက်တန်းစားတွေ၊ သူကလွဲရင် ဘယ်သူနဲ့မှ အရောမဝင်စေလိုချုပ်နှောင်တတ်တဲ့ အတ္တသမားတွေ၊ သူ့ဆန္ဒသာသိပြီး တစ်ဖက်ရဲ့စိတ်ကို အလေးမထားတဲ့ တစ်ဘို့ထဲသမားတွေ နောက်ဆုံးကတော့ ကံအကျိုးပေးကြောင့် နာခဲ့ရတဲ့ဘဝကို အကြောင်းပြကာအရာရာမှာ အလျော့ပေးခိုင်း အခွင့်ရေးပေးခိုင်းတဲ့ နစ်နာသူဇာတ်ဖန်တီးသူတွေ ဒီလိုလူတွေနဲ့ချစ်မိရင်တော့ အချိန်မီရုန်းထွက်သင့်ပါတယ်။

တကယ်ပါ မေတ္တာနဲ့မနိုင်တဲ့လူတန်းစားတွေကို ဥပေက္ခာကလွဲဘာမှမပေးသင့်။

#Mental_Note
❤21👍1
August 14, 2024 1.1K 2