မနက်က သူငယ်ချင်းတစ်ယောက် သူ့ကောင်လေးနဲ့ ကတောက်ကဆဖြစ်ကာ… — Mental Note — TG.ME

မနက်က သူငယ်ချင်းတစ်ယောက် သူ့ကောင်လေးနဲ့ ကတောက်ကဆဖြစ်ကာ အိမ်ရောက်လာတယ်။ ဒီတစ်ခါကိစ္စက အတော်ကြီးတဲ့ပုံ ဘာကြောင့်ဒီလိုပြောသလဲဆို သမီးရည်းစားနှစ်ဘက်လုံးက ကိုယ့်သူငယ်ချင်းအရင်းတွေမို့ အကြောင်းသိတွေ။ ပုံမှန်ဆို ကောင်လေးဘက်က လိုက်လာရင်းချော့နေကြ။ ဒီတစ်ခါ သူမတစ်ယောက်ထဲမို့ ကိုယ်မေးကြည့်မိတယ် ဘာဖြစ်သလဲပေါ့။ "ရန်ဖြစ်ရင်းငါစိတ်တိုပြီး သူပတ်နေကျနာရီလေး ခွဲလိုက်မိတယ်"တဲ့။ "ငါအသစ်ဝယ်ပေးမယ်ပြောတာကိုမရဘူး ဒါလေးကို တအားစိတ်ဆိုးနေတယ်"တဲ့။ သူအဲ့လိုပြောနေတဲ့အချိန်မှာပဲ စာကြည့်ခန်းထဲမှာ အဘိုးဟာ ကိုယ့်တစ်သက်လောက်ရှိပြီဖြစ်တဲ့ မှင်ထည့်သုံးရတဲ့ သူ့ဘောပင်လေး ဘယ်သူယူကိုင်မှန်းမသိ ထားတဲ့နေရာမှာမရှိဘဲ ပျောက်သွားလို့ သောင်းကျန်းနေလေရဲ့။ ကိုယ်လည်း စကားစလိုက်တယ် "အဘိုးက သိပ်သဘောကောင်းပြီး သိပ်ကြင်နာတတ်တာ"။ သူဘာမှပြန်မပြောသေးခင်မှာ ဆက်ပြောလိုက်တယ်။ "နောက်ပြီးအဘိုးက အလှူအတန်းရက်ရောသလို ဘယ်သူ့မဆိုကျွေးချင်မွေးချင်ပြီး နှမျောခြင်း၊ ကပ်စေးနဲခြင်း မရှိတာလည်း နင်ရောသိတယ်မလား"ဆိုတော့ ဘာကိုဆိုလိုချင်မှန်းမသိစွာနဲ့ ခေါင်းငြိမ့်တယ်။ တကယ်လည်းအဘိုးဟာ အိမ်လာတဲ့ ဧည့်သည်တိုင်း သူ့မှာရှိသမျှချကျွေးတတ်ပြီး မရှိရင်တောင် သူ့ပင်စင်လစာကလေးနဲ့သွားဝယ်ကျွေးတတ်သူ။ အလှူအတန်းဆိုရင်လည်း ဘယ်တော့မှမငြင်းသလို အပတ်စဉ်ဆွမ်းလောင်းတာ၊ အဖိတ်၊ဥပုဿ်တိုင်း မယ်သီလရှင်တွေကို ‌ဆွမ်းဆန်စိမ်းလောင်းတာ သူ့ဝင်ငွေအနည်းငယ်လေးနဲ့လုပ်နေကြပင်။ အခုအဘိုးဒေါသထွက်နေတယ် ဘာလို့လဲနင်သိလားလို့မေးတော့ နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ခေါင်းခါတယ်။ အဘိုးငယ်ငယ်က အဖေလိုချစ်ခင်ရတဲ့ ဆရာဆီက ဆုရထားတဲ့ ဘောပင်လေးပျောက်သွားလို့လေ။ ဒီဘောပင်လေးဟာ ငါ့တစ်သက်လောက်ရှိပြီ တခြားလူတွေအတွက် တန်ကြေးမရှိပေမဲ့ သူ့အတွက်တော့ အဖိုးမဖြတ်နိုင်ရာပဲ။ ဒီဟောင်းနွမ်းနေတဲ့ ဘောပင်လေးမှလာနှမျောနေတယ်လို့ ငါတို့ပြောလို့မရဘူး။ ဘာလို့ဆိုသူတန်ဖိုးထားတဲ့အရာမို့လေ။ ကိုယ်ဒီလိုပြောတော့ ဘာကိုဆိုလိုချင်လည်း အနည်းငယ်သဘောပေါက်လာသယောင် ခပ်တွေတွေမျက်ဝန်းတွေနဲ့ ပြန်ကြည့်တယ်။ ကိုယ်လည်း ပြောချင်တဲ့အကြောင်းအရာကို ရောက်ရှိလာပြီမို့ သူ့မျက်နှာကိုစေ့စေ့ကြည့်ရင်း ဆက်ပြောလိုက်တယ်။ "ဒီမှာ သူငယ်ချင်း လူတိုင်းမှာ အထိမခံနိုင်တဲ့အပိုင်း သည်းမခံနိုင်တဲ့အခြေအနေဆိုတာ ရှိကြတယ် တစ်ယောက်နဲ့တစ်ယောက်မတူညီပေမဲ့ပေါ့။ ဒါကိုသွားထိပြီး ဒီလောက်ဖြစ်ရသလားဆိုပြီး သွားပြောလို့မရဘူး။ ဒါလူတိုင်းမှာရှိနိုင်တဲ့ ခြွင်းချက်ပဲ။ ငါ့မှာလည်းရှိသလို နင့်မှာလည်းရှိမှာပဲမဟုတ်လား။" စိတ်ရှည်ရှည်နဲ့ရှင်းပြချက်အဆုံးမှာတော့ အတော်လေး သဘောပေါက်လက်ခံသွားတယ်။ "ငါမှားသွားတယ်သူငယ်ချင်းတဲ့ အဲ့နာရီအကြောင်း‌နင်ပြောမှ တွေးမိတာ။ သူ့အဖေမဆုံးခင်က မွေးနေ့လက်ဆောင်ပေးခဲ့တာလို့ပြောဖူးတယ်။ ငါတောင်းပန်ရမယ်ထင်တယ်တဲ့"ရှင်းပြရကျိုးနပ်ပြီမို့ ကျွန်တော်လည်း အပြုံးနဲ့ပဲတုန့်ပြန်လိုက်တယ်။ ကျွန်တော်တို့ဘဝတွေမှာလေ အရာရာကို အလျော့ပေးတဲ့လူတွေဟာ အမြဲမှားနေလို့မဟုတ်ဘူး ဒီဆက်ဆံရေးအပေါ်တန်ဖိုးထားလို့။ အဲ့ဒီလူတွေ ထိလွယ်ရှလွယ်ဖြစ်တဲ့အခါတွေမှာလည်း ကျွန်တော်တို့က ပြန်လည်နားလည်ပေးသင့်တယ်မလား။ ဒီဆက်ဆံရေးတွေတည်မြဲချင်တယ်ဆိုရင်လေ...။ #Mental_Note

August 13, 2024 868 2