"အချစ်ဦးပေမဲ့လည်းလေ ပေါင်းဖို့ကံပါမလာတော့ ကြိုးစားပေမဲ့လည်း အချည်းနှီးပါ" သီချင်းစာသားလေးက နားထဲကကြားရုံလေး ဆိုပေမဲ့ ရင်ထဲလှိုက်ဝင်သွားတာ သိမ့်ခနဲပဲ။ စိတ်ဟာအတိတ်ဆီသို့ပြန်လည်ရင်း....
သူမနာမည်က မိုးနှောင်း။ တစ်ခါကြည့် တစ်သက်မှတ်မိစေမယ့် အလှမျိုး မဆိုသာပေမဲ့ သိပ်ကျက်သရေရှိပြီး ကြည့်ကောင်းတဲ့ အမျိုးသမီးလေးပါပဲ။ ကြောင်လေးတွေ ခွေးလေးတွေကို ချစ်တတ်တယ်။ ပန်းပင်စိုက်ရတာဝါသနာပါပြီး ပန်းမခူးတတ်တဲ့ အမျိုးသမီးလေးရယ်ပေါ့။
မိုးတွေ ခပ်ကျဲကျဲရွာတဲ့ အခုလိုနေ့တစ်နေ့ပဲ။ ကျွန်တော်တို့စတွေ့ပုံဟာ ထူးထူးခြားခြားမဟုတ်ခဲ့ပါဘူး။ မြို့ပြမှာ ကျောင်းလာတက်ရင်း အဆောင်ကြေးလေးကာမိဖို့ရယ် အတွေ့အကြုံလေးရယ် လိုချင်တာမို့ အလုပ်တစ်ခုကို အင်တာဗျူးသွားဖြေရင်း သူမနဲ့ဆုံခဲ့ရတယ်။
Form ဖြည့်ဖို့ အခက်အခဲဖြစ်နေတဲ့ကျွန်တော့်ကို သူမ အပိုပါတဲ့ ဖောင်တိန်လေး ကမ်းပေးရင်း ကူညီပေးခဲ့တယ်။ ဒါပေမဲ့ ခန့်အပ်မယ့်သူရှိပြီးသား အင်တာဗျူးကို ကျွန်တော်ရောသူမရော မအောင်ခဲ့ပါဘူး ထားပါ။
ကျွန်တော်နဲ့သူမ နောက်တစ်ကြိမ်ဆုံဖြစ်တာက ဘာသာစကားသင်တန်းတစ်ခုမှာ။ ကျွန်တော် သူမကိုနှုတ်ဆက်တော့ ချက်ချင်းမမှတ်မိဘဲ တွေတွေလေးတွေးပြီးမှ ကျွန်တော့်ကိုပြုံးပြတယ်။
နောက်တော့ အဲ့ဒီကစ ကျွန်တော်တို့တတွေ ရင်းနှီးခဲ့ကြတယ်ဆိုပါတော့ဗျာ။ နှောင်းကလေ သိပ်ကြင်နာတတ်ပြီး ချစ်ဖို့ကောင်းတဲ့အမျိုးသမီးလေးဆိုတာ တဖြည်းဖြည်း ပိုသိလာရတယ်။ ခေတ်မီခြင်းတွေထက် ယဉ်ကျေးမှုတွေ ရိုးရာဓလေ့တွေကိုပိုမြတ်နိုးတဲ့ ကောင်မလေး။ သူမ တစ်ခါကပြောဖူးတယ် ဘဝမှာဘာမှထပ်မရရင်တောင် ဘာမှတော့ပျောက်ပျက်မသွားစေလိုဘူးတဲ့။
စာအုပ်တွေကို ချစ်တဲ့ကျွန်တော်တို့ အပတ်စဉ်ပိတ်ရက်တိုင်း စာကြည့်တိုက်မှာ အချိန်ကုန်လေ့ရှိတယ်။ သူမကြိုက်တတ်တဲ့ ကော်ဖီခါးခါးကို ကျွန်တော်ဖျော်ပြီးယူသွားပေးတတ်သလို ကျွန်တော်ကြိုက်တတ်တဲ့ သရေစာမုန့်ကလေးတွေကို သူမကိုယ်တိုင်လုပ်ပြီးလည်း မကြာခနကျွေးတတ်သေးတယ်။
အဲ့ဒီနောက် ကျွန်တော်တို့ အနေနီး အကြိုက်တူတာမို့ စိတ်ချင်းချည်ရင်း မေတ္တာသက်ဝင်ခဲ့ကြပါတယ်။ မင်းခန့်မောင်ဆိုတဲ့ ကျွန်တော့်ကို သူမကမောင်လို့ အမြတ်တနိုးခေါ်သလို သူမကိုလည်း နှောင်းဆိုတဲ့နာမ်စားလေးကို တယုတယခေါ်ခွင့်ရခဲ့တယ်ပေါ့။
နှောင်းဟာ အတော်အသင့်ချမ်းသာပြည့်စုံတဲ့အသိုင်းဝိုင်းကဖြစ်သလို တစ်ဦးတည်းသောသမီးမို့ အတော်လေး အချစ်ခံခဲ့ရပုံပါပဲ။ ဆယ်ကျော်သက်အရွယ်ကလေးမလေးကို ဆယ်ကျော်သက်ရွယ်ကောင်လေးပေးခဲ့တဲ့ချစ်ခြင်းမေတ္တာမှာ ပြီးပြည့်စုံမှုတွေမပါတာမို့ မကြာခနစိတ်အားငယ်ရပါတယ်။
ကျွန်တော်ဟာ အိမ်မှာအကြီးဆုံးသား အဖေနဲ့အမေ့ကိုပြန်ငဲ့ရသလို အငယ်တွေကိုလည်း ပစ်ပယ်ထားလို့မရတဲ့အနေအထားမို့ ကျွန်တော့်ဘက်က သူမအပေါ်ပျက်ကွက်ခဲ့တာတွေ သိပ်များမယ်ထင်ပါတယ်။ ဒါတွေကြောင့်လည်း ကျွန်တော်သူမဘက်က ပေးတဲ့အကြင်နာတွေကိုခံယူဖို့ တစ်ခါတလေ မဝံ့မရဲဖြစ်ရပါတယ်။
နှောင်းနဲ့ မေတ္တာသက်ဝင်တဲ့ကာလတစ်လျောက်မှာ တစ်ခါလေးတောင် မပြည့်စုံတဲ့ ကျွန်တော့်အပေါ် ငြိုငြင်ခြင်းမရှိခဲ့သလို သူမဘက်ကတော့ ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဖြည့်စည်းပေးခဲ့တာပါ။
ကျွန်တော့်ဘက်ကရော နှောင်းအပေါ်မချစ်ခဲ့ဘူးလားလို့ မေးခွန်းထုတ်လာခဲ့ရင် အဲ့ဒီနေ့ရက်တွေမှာ တစ်ခါတစ်ခါဆို နှောင်းမျက်နှာလေး ငေးကြည့်နေရင်း ပိုင်ဆိုင်ရခြင်းကိုကျေးဇူးတင်ပြီး ခွဲခွာရမှာစိုးရိမ်တကြီး မျက်ရည်ကျရသည်ထိ ဆယ်ကျော်သက်အရွယ် ပထမဆုံးကျွန်တော့်အချစ်က လေးနက်ခဲ့ပါတယ်။
ချစ်သူသက်တမ်းသုံးနှစ်ပြည့်တဲ့နေ့မှာ နှောင်းအိမ်ကို ကျွန်တော်ဖိတ်ခေါ်ခံခဲ့ရပါတယ်။ နှောင်းမိဘတွေက တကယ်ကို မထင်မှတ်ထားတဲ့နွေးထွေးမှုပျူငှာမှုတွေနဲ့ ကြိုဆိုပေးကြပါတယ်။ ကျွန်တော်တို့ကိုသဘောတူကြောင်းရယ် စေ့စပ်ပေးပြီး ကျွန်တော်တို့နှစ်ယောက်ကို နိုင်ငံခြားမှာဆက်လက်ပညာသင်စေလိုကြောင်း စကားဖောင်ဖွဲ့ဆိုလာခဲ့ပါတယ်။
ကျွန်တော့်ဘဝအတွက် အပျော်ဆုံးနဲ့ စိတ်အညစ်ဆုံးဆိုတဲ့ခံစားချက်နှစ်ခုကို တပြိုင်နက်ခံစားလိုက်ရတာပါပဲ။ ကျွန်တော့်ဝင်ငွေလေးသာမရှိရင် ကျွန်တော့်ညီလေးညီမလေးတွေ အဆင်ပြေနိုင်ပါ့မလား။ အဖေ့ထီးပြင်ဖိနပ်ချုပ်ဆိုင်ကရတဲ့ ငွေလေးဟာ အမေ့ဆေးဖိုးလုံလောက်ပါ့မလား။ တစ်ဖက်မှာလည်းချစ်ရသူနဲ့ သာယာတဲ့လမ်း တကယ်ကိုဒုက္ခများစေတာပါပဲ။
ကျွန်တော်ဟာမမီတဲ့ပန်းကို ခူးခွင့်ရပြီးခါမှ မပန်ရက်အောင် မတန်တာမို့ ပြန်လှည့်ခဲ့တဲ့ကောင်ပါပဲ။ ကျွန်တော် သူမနဲ့လိုက်ဖို့ကို ရင်နာနာနဲ့ ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒီတုန်းက သူမမျက်ဝန်းမှာလဲ့နေတဲ့ မျက်ရည်တွေကို ကျွန်တော်မမြင်ရက်ပေမဲ့ သုတ်မပေးမိခဲ့ပါဘူး။ ထိုကိစ္စတွေ ဖြစ်ပျက်ပြီးနောက် နှောင်းဟာ ကျွန်တော်ရှိရာမြို့လေးကအပြီးတိုင်ထွက်ခွာသွားခဲ့ပါတယ်။
ကျွန်တော် နှောင်းကို ဘယ်မှာမှထပ်ရှာမရခဲ့သလို ကျွန်တော့်ဆီလည်း နှောင်းနဲ့ပတ်သတ်တဲ့ ဘာသတင်းအစအနမှ သဲ့သဲ့တောင်မကြားရတော့ပါဘူး။ စိတ်နာတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ဗျာ။ နာကျည်းရတဲ့ရပ်ဝန်း မုန်းတီးရတဲ့ ဒေသက အပြီးတိုင် ပျောက်ကွယ်လိုက်တာမျိုး။
July 24, 2024 929 1