ပဲခူးမြို့ ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းကြည့်ရှု၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့
ပဲခူး၊ စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့အတွင်း ရေဝင်ရောက်နေသည့် အနိမ့်ပိုင်းရပ်ကွက်များသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကျောက်ကြီးစုရပ်ကွက်ရှိ ရေဝင်ရောက်နေသည့် နေအိမ်များသို့ စက်လှေများဖြင့် သွားရောက်ကြည့်ရှုကာ ထမင်းထုပ်၊ သောက်ရေသန့်၊ အအေးနှင့် မုန့်များ ပေးအပ်ခဲ့ပြီး ရေဘေးကူညီဆောင်ရွက်နေသည့် တပ်ရင်းတပ်ဖွဲ့များ၊ ပရဟိတနှင့် လူမှုရေးအသင်းအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ကျောက်ကြီးစု၊ မြို့သစ်နှင့် ရွာသစ်ရပ်ကွက်များအတွင်း ပဲခူးမြစ်ရေ ဝင်ရောက်မှုလျော့နည်းစေရေး ကုလားရိုက်ရိုးချောင်း ယာယီရေတားတာ ဆောင်ရွက်ထားရှိမှုနှင့် ရေတံခါးအမှတ်(၁)၊ (၂) ဆောင်ရွက်မည့်နေရာများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ကလျာဏီသိမ်တော်ကြီးဘုန်းကြီးကျောင်း၌ ယာယီရေဘေးရှောင်နေသည့် အိမ်ခြေ ၂၆၀၊ အိမ်ထောင်စု ၂၇၀၊ လူဦးရေ ၁,၁၆၈ ဦး အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ သောက်ရေသန့်၊ မုန့်နှင့် ထမင်းထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်ရှိ ပန်းဆိုးချောင်း ပြန်လည်တူးဖော်နိုင်ရေးနှင့် ဇိုင်းဂနိုင်းကြီးကျေးရွာမှ အနောက်ဘက်မြို့ရှောင်လမ်းသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်း ရေကျော်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
#SN
8
3September 3, 2026 1.2K 1