သပိတ်ကျင်းရှိ ခလရ(၁၄၈)တပ်ရင်းအပါအဝင် တပ်စခန်းသုံးခု မန္တလေး PDF… — နိုင်ငံရေးသတင်းစုံ — TG.ME

သပိတ်ကျင်းရှိ ခလရ(၁၄၈)တပ်ရင်းအပါအဝင် တပ်စခန်းသုံးခု မန္တလေး PDF ထပ်မံသိမ်းပိုက်

ဇေအောင်/People's Spring

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ ၏ ခလရ (၁၄၈)တပ်စခန်းအပါအဝင် တပ်စခန်းသုံးခု ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(သြဂုတ်၁၀ရက်)ညနေပိုင်းတွင် ထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ်ရှိ ခလရ(၁၄၈)တပ်ရင်း၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျကျေးရွာရှိ တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မန္တလေး PDFသည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကွင်း၃၀ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်းနဲ့ ဖက်ရှည်ရွာ တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်စခန်း စုစုပေါင်း(၈)ခု သိမ်းပိုက်ရရှိထားကြောင်းမန္တလေး PDFက အသိပေးသည်။

သပိတ်ကျင်းမြို့နယ်ရှိ အင်းနက်ရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်း၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်း၊ ချောင်းကြီးစခန်း
များကိုလည်း PDFများက ဇူလိုင်လကုန်ပိုင်းက သိမ်းပိုက်ရရှိထားသည်။ ထိုစခန်းသိမ်းတိုက်ပွဲများတွင်လည်းစစ်သုံ့ပန်းနှင့်ခဲယမ်းများပါ ရရှိထားသည်။

သပိတ်ကျင်းမြို့နယ်သည် အရှေ့ဘက်တွင် မိုးကုတ်၊ မဘိမ်း၊ မိုးမိတ်မြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တောင်ဘက်တွင် စဥ့်ကူးမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့်ခင်ဦးမြို့နယ်တို့နှင့် ထိဆက်နေပြီး စစ်ရေးအရအရေးပါသောဒေသတစ်ခု ဖြစ်သည်။

ထို့အပြင် သပိတ်ကျင်းမြို့နယ်ရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များအား မန္တလေး PDFကဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
(သိမ်းပိုက်ရရှိခဲ့သော တပ်စခန်းနှင့် မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-MDY_PDF)
👍138❤51😁9
August 10, 2024 17.9K 23