အပူ" အခု လာမေးတဲ့ အလှည့်ကျ မေးခွန်းကတော့ "DV ပေါက်တာ သိထားပြီးပြီ၊… — ကိုညီညီ(တောင်ကြီး) — TG.ME

"အပူ"
အခု လာမေးတဲ့ အလှည့်ကျ မေးခွန်းကတော့ "DV ပေါက်တာ သိထားပြီးပြီ၊ ဘယ်တော့လောက် အိမ်တိုင် ချွတ်ရောင်းရမလဲ" ဆိုတာပါပဲ။ မေးခွန်းက ရွဲ့ပြီး မေးလာပေမယ့် ကျွန်တော့မူအတိုင်း အတည်အတံ့ ဖြေပါမယ်။ လူမတူ၊ မူမတူ၊ အတွေးမတူ၊ အရေးမတူ၊ ဝေဒနာ မတူတော့ စေတနာ မတူ၊ ကိုယ်ချင်းစာတရား အရှေ့ထား၊ အနောက်ထား မတူတာကိုတော့ သတိချပ်ပေးပါ။

DV ပေါက်ခြင်း မပေါက်ခြင်းဟာ နှစ် ၁ နှစ်ရဲ့ မေလမှ စစ်ရတာပါ။ DV တင်တုန်းက အောက်တိုဘာလ၊ ဒါဆိုရင် ၇ လလောက် စောင့်ပြီးမှသာ ရင်ခုန်ခွင့် ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ DV ပေါက်တာကို သိသိချင်း စိတ်လှုပ်ရှားပြီး ဟိုဟာရောင်း၊ ဒီဟာရောင်း၊ ငွေလျှောက်ချေး၊ လုပ်ဖို့ မလိုပါဘူး။

(၁) ပေါက်လာတဲ့ Case Number ကို ကြည့်ရပါမယ်။
Case Number 2000-3500 ကြား ပိုင်ရှင်တွေဟာ ၇-၉ လ လောက်အတွင်း ဗီဇာရပြီး ခရီးထွက်ရနိုင်ပါတယ်။ ဒီလို စောသူတွေမှာ ငွေပိုလျှံသူ ပါလာရင် စိတ်ပူစရာ မရှိပေမယ့် ဘာကြေး၊ ညာကြေး၊ အင်တာဗျူးကြေးတို့အတွက် အရင် ပြင်ဆင်ထားရင် ရပါပြီ။

(၂) ဘာမှ အလျင်စလို ရောင်းချဖို့ မလိုပါ။
DV ပေါက်ထားသူ လူ ၁ဝဝ မှာ လူ ၁ဝဝ လုံး မသွားရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်အစိုးရက ထုတ်ပေးတဲ့ Green Card တစ်နှစ်စာ ၅၅ဝဝဝ မှာ ပေါက်တဲ့စာ ရောက်လာပြီးခါမှ . . .
.
!~ Qualified မဖြစ်သူ
.
!~စာရွက်စာတမ်း မစုံသူ
.
!~လိမ်ညာဖို့ ကြိုးစားသူ
.
!~အမှားကို အမှန်လို လုပ်တင်ထားပြီး တကယ်ပေါက်လာတော့ ဘာမှ ဆက်လုပ်လို့မရတော့သူ (ဥပမာ-၁ဝ တန်း မအောင်တာကို အောင်တယ်လို့ တင်ထားသူ)၊ နောက်ဆုံး
.
!~(မည်သည့်နည်းနှင့်မှ) ပါ့စပို့ လုပ်လို့မရတော့သူ(မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာ) တွေ ပါလာနိုင်တာကြောင့် နှစ်စဉ်နှစ်တိုင်း ၅၅ဝဝဝ ရဲ့ (၂ သို့ ၂.၅ ဆ) မဲ ပိုဖောက်ပေးလိုက်ပါတယ်။

ဒီအခါမှာ Case Number နောက်ကျသူတွေ မသွားလိုက်ရဘူးဆိုတဲ့ အလွမ်းဇာတ်ရှည်ကြီးက ၂ဝ၁၁ လောက် ကတည်းက စတင် ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် DV ပေါက်တဲ့နေ့နဲ့ နောက် ၁ လတိတိ ပျော်ရွှင်ပါ။ DV ပေါက်ပြီးရာကနေ စပြီး အင်တာဗျူးမရမချင်း စိတ်ပူပင်ရပါတယ်။

ဒီကြားထဲမှာ အပူပေါ် အပူဆင့်ဆိုသလို
.
!~ပြည်တွင်းအပူ
.
!~ရန်ကုန်အပူ
.
!~ငွေကြေးအပူ
.
!~မိန်းမ မလိုက် အပူ
.
!~ယောက်ျား မလိုက် အပူ
.
!~ကလေး ၂၁ နှစ်ကျော်သွား အပူ
.
!~မိန်းမဗိုက်ထဲမှာ ကိုယ်ဝန်ရှိနေတဲ့အပူ
.
!~မွေးစာရင်း ရှာမရ အပူ
.
!~အမည်နာမတွေ တစ်နေရာမဟုတ် တစ်နေရာ မတူညီခြင်း အပူ
.
!~ပါ့စပို့ အမျိုးအစား အပူ
.
!~CDM အပူ
.
!~KCC အပူ
.
!~Visa Bulletin မထွက်လာ အပူ
.
!~2NL ဒုတိယစာ မလာ အပူ
.
!~အမေရိကန်သံရုံး အင်တာဗျူး အပူ
.
!~ငွေဈေးတက် အပူ
.
!~မင်္ဂလာဒုံလေဆိပ် အထွက်အပူ
.
!~အမေရိကန် လေဆိပ် ပြည်ဝင်ခွင့် ရဲဝန်ထမ်း အပူအထိ ပူ ပူ ပူ နဲ့ ပူနေရပါတယ်။

ဒါကြောင့် ရှိတာကို ရောင်းထုတ်ပြီး ငွေထုတ်ကိုင်ပြီး ထပ်စိတ်ပူ မနေပါနဲ့တော့။ သူခိုးရန်က ပိုပူနေရပါဦးမယ်။ ဘာပဲ ပြောပြော လူတွေကို သည်းခံခြင်းတရား ရှေ့ထားတတ်အောင် လေ့ကျင့်ပေးနေတဲ့အထဲ ရန်သူ ၅ ပါးပြီးရင် DV ပါလာပါတယ်။

ဒါကြောင့် မေးခွန်းကို တည့်တည့်ဖြေရရင်တော့ DV ပေါက်တာနဲ့ ထုခွဲရောင်းချစရာ မလိုသေးပါ။ DV Winner အနေနဲ့ အမေရိကားကို ရောက်လာပြီးတာနဲ့ (တန်းပြီး အခြေမချချင်သေးရင်) SSN ၊ Green Card ယူပြီး ပြန်ထွက်၊ မြန်မာနိုင်ငံမှာ ပြန်သွားစီစဉ်လို့ ရပါတယ်။

အရေးကြီးတာက မောင်တစ်ယောက်ထဲ လာရင်လည်း ပြီးတယ်၊ မယ်တစ်ယောက်ထဲ လာရင်လည်း ပြီးတယ်၊ အဲ . . . မောင်နဲ့မယ် အတူတူလာလို့ ကလေးငယ် ပါလာရင်တော့ တစ်ယောက်က ကလေးတွေ ကျောင်းတက်ဖို့ နေခဲ့ပြီး နောက်တစ်ယောက်က အကုန်ရိတ်သိမ်းဖို့ လယ်ကွင်း သွားသိမ်းလို့ရတယ်။

သတိထားဖို့ လိုတာက မြန်မာနိုင်ငံက မိမိပိုင် ပစ္စည်းတွေကို လွှဲခဲ့သူဟာ တလွှဲသုံးစား မလုပ်သွားဖို့ပါပဲ။ သိတယ်နော် . . . အပူတကာ့ အပူထဲမှာ နောက်ဆုံး ထပ်တိုးလာတာကတော့ DV အပူပါ။

DV Program တင်ဖို့လိုတဲ့ အချက်အလက်တွေက

1) နာမည်
2) မွေးနေ့သက္ကရာဇ်
3) မွေးဖွားတဲ့မြို့
4) နေရပ်လိပ်စာ
5) အီးမေးလ်
6) ဖုန်းနံပါတ်
7) ပညာအရည်အချင်း
8) အိမ်ထောင်ရေးအခြေအနေ
9) ၂" X ၂" အဖြူနောက်ခံဓာတ်ပုံ

မိသားစုလိုက်လျှောက်ရင်

10) မိသားစုဝင်တွေရဲ့ နာမည်
11) မိသားစုဝင်တွေရဲ့ မွေးနေ့
12) မိသားစုဝင်‌တွေရဲ့ မွေးရပ်
13) မိသားစုဝင်‌တွေရဲ့ ဓာတ်ပုံ တို့ဖြစ်ပါတယ်။
လျှောက်ဖို့လင့် October မှ https://dvprogram.state.gov/

#KNNTgi
09-10-2024
👍48❤34🔥1
September 11, 2024 6.1K 8
အပူ" အခု လာမေးတဲ့ အလှည့်ကျ မေးခွန်းကတော့ "DV ပေါက်တာ သိထားပြီးပြီ၊… — ကိုညီညီ(တောင်ကြီး) — TG.ME