(၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ဆုချီးမြှင့်
နေပြည်တော် စက်တင်ဘာ ၁
မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များ မတိမ်ကော၊ မပပျောက်စေရန်နှင့် မျိုးချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်များ ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ အကောင်းဆုံးတံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အကဲဖြတ်ဝါရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ ဆုချီးမြှင့်ပွဲပထမပိုင်းကိုပြုလုပ်ရာ ဦးစွာမျက်လှည့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၃) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး ဇော်မင်းထွန်းနှင့်အဖွဲ့၊ ခေတ်ပေါ်တီးဝိုင်းပြိုင်ပွဲ (အဖွဲ့လိုက်) တွင် ပထမဆုရရှိသည့် အမှတ် (၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒုတိယအရာခံဗိုလ် အောင်ဇော်နှင့်အဖွဲ့၊ မြန်မာ့ဆိုင်းဝိုင်း (အဖွဲ့လိုက်) အတီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ အရာခံဗိုလ်တင့်ဆန်းနှင့် အဖွဲ့တို့အား စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု (နန်းတွင်း) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဒုတိယအရာခံဗိုလ် (အစားခန့်) ဒေါ်သန္တာလင်းဦးဆောင်သော တေးဂုဏ်အဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဒုတိယအရာခံဗိုလ် (အစားခန့်) ဒေါ်သန္တာလင်းဦးဆောင်သော လယ်တောသူယိမ်းအဖွဲ့နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု (တိုင်းရင်းသားရိုးရာ) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တပ်ကြပ်ကြီး/စာရေး ကျော့ယမင်းဦးဆောင်သော ညီညာစေတိုင်းရင်းသားယိမ်းအဖွဲ့တို့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးက ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် အငြိမ့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ရွှေပြည်တန်အငြိမ့်အဖွဲ့နှင့် ပြဇာတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ မိုက်နောင်တ စင်တင်ပြဇာတ်အဖွဲ့တို့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် အကောင်းဆုံးတံခွန်စိုက်ဒိုင်းဆုရရှိသည့် အမှတ် (၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တံခွန်စိုက်ဒိုင်းဆုပေးအပ်ချီးမြှင့်သည်။
September 1, 2026 125 1