ရွှေကူမြို့နယ်၊ ဇင်းဘုံရွာနှင့် စင်းခန်းသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်မှု တပ်ရင်းမှူး ၁ ဦးအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိ
စက်တင်ဘာလ ၉ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံရွာနှင့် စင်းခန်းဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းများကို KIA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦးအပါအဝင် ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်နက် ၉ လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
စက်တင်ဘာ ၈ ရက် ညပိုင်းတွင် ရွှေကူမြို့နယ်၊ ဇင်းဘုံရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် တပ်မ ၃၃ လက်အောက်ခံ ခလရ ၁၂ နှင့် ခမရ ၁၁၉ တပ်ရင်းများကို KIA ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ တစ်ညလုံးနီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း ခလရ ၁၂ မှ တပ်ရင်းမှူး သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို KIA ပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း၊ ခမရ ၁၁၉ မှ တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ဇင်းဘုံရွာမှာ မနေ့ညက တစ်ညလုံး တိုက်ပွဲဖြစ်တယ်။ ဇင်းဘုံဘက်ကို ထိုးစစ်ဆင်တဲ့ ခြေလျင်တပ်က တပ်မ ၃၃ က ခလရ ၁၂ ဖြစ်ပြီး တပ်ရင်းမှူး သေသွားတယ်။ အလောင်းကိုတော့ ကျနော်တို့ ရထားတယ်။ ခမရ ၁၁၉ က တပ်ရင်းမှူးလည်း ဒဏ်ရာရထားတယ်။ လက်နက်တွေက အားလုံး ၉ လက်ရထားပြီး အခြားစစ်အသုံးအဆောင်ပစ္စည်းနဲ့ ခဲယမ်းတွေလည်း ပါတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် စက်တင်ဘာ ၉ ရက်တွင် စင်းခန်းတံတားပတ်ဝန်းကျင်သို့ ချဉ်းကပ်လာသည့် စစ်တပ်စစ်ကြောင်းကိုလည်း KIA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့ကာ ရုပ်အလောင်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း KIA ဘက်က ပြောသည်။
စင်းခန်းတံတားအနီး တိုက်ပွဲအပြီးတွင် စစ်တပ်စစ်ကြောင်းမှာ ထိခိုက်သေဆုံးမှုများပြားသဖြင့် ဖရိုဖရဲဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ခပ်စိတ်စိတ် တွေ့မြင်နေရကြောင်း ထုတ်ဖော်ပြောဆိုသည်။
#KTM
#HlaingInfo

43
16
6
3September 9, 2026 1.9K 2