ဒေါက်တာညီညီဆွေနှင့်အတူ အစုရှယ်ယာခေါ်ယူ ငွေကြေးများလိမ်လည်ခဲ့သော Lite… — Hlaing Info — TG.ME

ဒေါက်တာညီညီဆွေနှင့်အတူ အစုရှယ်ယာခေါ်ယူ ငွေကြေးများလိမ်လည်ခဲ့သော Lite Finance Myanmar Broker မှ ဦးဆောင်သူ စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း ကျော်ရဲရင့် အရေးယူမခံရဘဲ  လွတ်မြောက်နေ၊ ထည့်ဝင်ထားသော  အစုရှယ်ယာငွေကြေးများလည်း ပြန်လည်ထုတ်မပေး

စက်တင်ဘာ ၉ ရက်

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများထံမှ ငွေကြေးများကို ဒေါက်တာညီညီဆွေနှင့်အတူ လိမ်လည်ခဲ့သော LiteFinance Myanmar Broker မှ ဦးဆောင်သူ စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း ကျော်ရဲရင့် လွတ်မြောက်နေပြီး  ငွေကြေးများလည်း ပြန်လည်ထုတ်မပေးဘဲ တိမ်းရှောင်နေကြောင်း ငွေကြေးနစ်နာသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒေါက်တာညီညီဆွေက  Galaxy Leader Group အမည်ဖြင့် အများပြည်သူများထံမှ ငွေကြေးများကို အစုရှယ်ယာများခေါ်ယူခဲ့ပြီးနောက်  LiteFinance Myanmar Forex Trading Broker မှတစ်ဆင့် အစု ရှယ်ယာများထည့်ဝင် ရောင်းချမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ငွေကြေးများကို ခေါ်ယူရာတွင်  LiteFinance Myanmar Forex Trading Broker မှ ဦးဆောင်သူ စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း အငြိမ်းစား စစ်အရာရှိ ကျော်ရဲရင့်နှင့်အတူ အလုပ်လုပ်ခဲ့ကြောင်း သိရှိရသည်။

ဒေါက်တာညီညီဆွေကို ၂၀၂၅ ခုနှစ်ဧပြီလအတွင်း စစ်တပ်က ဖမ်းဆီးချိန် LiteFinance Myanmar Forex Trading Broker မှ ဦးဆောင်သူ စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း အငြိမ်းစား စစ်အရာရှိ ကျော်ရဲရင့်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း၊ သို့ရာတွင် လပိုင်းခန့်သာ အဖမ်းခံရပြီးနောက် အငြိမ်း စား စစ်အရာရှိ ကျော်ရဲရင့်မှာ လွတ်မြောက်သွားခဲ့ကြောင်း၊  ဒေါက်တာညီညီဆွေ ထောင်ဒဏ် ၄၃ နှစ်ချမှတ်ခံရသော်လည်း အတူတူ လိမ်လည်ခဲ့သော စစ်အရာရှိဟောင်း ကျော်ရဲရင့်မှာမူ တစ်စုံတစ်ရာ အရေးယူ မခံရကြောင်း သိရှိရသည်။

"ကျော်ရဲရင့်က ဘာမှ အရေးယူမခံရဘူး။ တကယ်က ဒေါက်တာညီညီဆွေနဲ့ ကျော်ရဲရင့်က အတူတူ အလုပ်လုပ်ကြတာ။ ဒေါက်တာညီညီဆွေဆီကနေတစ်ဆင့် LiteFinance Myanmar Broker မှာ ကျနော်တို့က အကောင့်တွေဖွင့်ပြီး ငွေတွေထည့်ထားတာ။ အခု ထည့်ထားတဲ့ငွေလည်းပြန်မရ၊ အမြတ်လည်းမရ၊ အတိုးလည်းမရ၊ အရင်းလည်းထုတ်မရ ဖြစ်နေတယ်။ အဲဒီ စစ်အရာရှိဟောင်း ကျော်ရဲရင့်ကလည်း လွတ်မြောက်ပြီး ဘာမှ တာဝန်ယူ တာဝန်ခံတာမရှိတော့ဘူး" ဟု ငွေကြေးနစ်နာသူတစ်ဦးက ရှင်းပြသည်။

ဒေါက်တာညီညီဆွေ၏ စည်းရုံးမှုကြောင့် LiteFinance Myanmar Forex Trading Brokerတွင် ပါဝင်ခဲ့ကြသူ ပြည်သူများစွာရှိပြီး အဆိုပါ LiteFinance Myanmar Brokerက မြန်မာနိုင်ငံအတွင်း ရုံးခွဲများနှင့် ဒေသတွင်းကိုယ်စားလှယ်များ ဖွင့်လှစ်ကာ ဈေးကွက်ရှာဖွေစည်းရုံးခဲ့သော​ကြောင့် ပြည်သူများက  ယုံကြည်စွာဖြင့် Account များဖွင့်လှစ်၍ ငွေကြေးထည့်ဝင်ခဲ့ကြ​ကြောင်း သိရှိရသည်။

ဒေါက်တာညီညီဆွေသည် LiteFinance Myanmar Broker ၏ ကိုယ်စားလှယ်တစ်ဦးလည်းဖြစ် ကြောင်း၊ LiteFinance Myanmar Brokerက ဒေါက်တာညီညီဆွေကို လုပ်ငန်းလုပ်ဆာင်မှု မြင့်မားသူ အဖြစ် ဆုချီးမြှင့်ထားကြောင်း သိရှိရသည်။

LiteFinance Myanmar Broker တွင် အကောင့်ဖွင့်လှစ်၍ Trader လုပ်သူ ပြည်သူ  စုစုပေါင်း ၄,၀၀၀ ခန့်ရှိပြီး ၂၀၂၅ ခုနှစ် ဧပြီလ ဒေါက်တာညီညီဆွေ ဖမ်းဆီးခံရသည့်အချိန်မှစ၍ ယနေ့အထိ ပြည်သူများ ၏ Depositပေးသွင်းငွေများ နှင့် Profit အမြတ်ငွေများကို အကောင့်အတွင်းမှ ပြန်လည်ထုတ်ပေးခြင်းမရှိတော့ကြောင်း သိရှိရသည်။

ပြည်သူများထံမှ ငွေကျပ် ဘီလီယံ ၂၀ ထက်မနည်း လိမ်လည်ခဲ့သော ဒေါက်တာညီညီဆွေကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) ဖြင့် ထောင်ဒဏ် ၆ နှစ်၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(က) ဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် စီးပွားရေးဆိုင်ရာအမှု ၁၇ မှုအတွက် တစ်မှုလျှင် ထောင်ဒဏ် ၂ နှစ်စီ၊ စုစုပေါင်း ထောင်ဒဏ် ၃၄ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ထောင် ဒဏ် ၄၃ နှစ် ချမှတ်ကာ ပိုင်ဆိုင်မှုများအားလုံးကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူလိုက်ကြောင်း ဩဂုတ်လအတွင်း စစ်တပ်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

#KTM
#HlaingInfo
🤬33❤6👎5🔥1👏1🤔1
September 9, 2026 2.1K 4