'ပန်းခင်းလမ်းကို လျှောက်တဲ့အခါမှာ သာယာယစ်မူးမသွားပါစေနဲ့။
ဆူးခင်းလမ်းကို လျှောက်တဲ့အခါမှာလည်း အကာအကွယ် အပြည့်အစုံနဲ့ လျှောက်ပါ။'
အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ ဒီနောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် သတိပေးဖြစ်တာလေးပါ။
လောကသဘာဝအရ ကျမတို့ဟာ အကောင်းတစ်လှည့်၊ အဆိုးတစ်လှည့် ကြုံရ၊ ဆုံရမှာပါပဲ။ ဒီနေ့ ချီးကျူးခံရရင် နောက်နေ့မှာ ကဲ့ရဲ့ခံရနိုင်တယ်။ ဒီနေ့မှာ ချစ်နေတဲ့သူက နောက်နေ့မှာ မုန်းသွားနိုင်တယ်။ ဒီနေ့မှာ ပျော်ရွှင်နေပေမဲ့ နောက်နေ့မှာတော့ ဝမ်းနည်းရနိုင်ပါတယ်။
ကျမကတော့ အကောင်း၊ အဆိုး အဖြစ်အပျက်တိုင်းကို ပိုကောင်းဖို့အတွက် ဖြစ်လာတာလို့ပဲ မှတ်ယူထားပါတယ်။
ကံဆိုးမှုတွေ၊ ဝမ်းနည်းစရာတွေ၊ စိတ်ညစ်စရာတွေ ကြုံနေရရင် ဒါဟာ ဆူးခင်းလမ်းပါပဲ။ ဒီလမ်းကိုလျှောက်ရတဲ့အခါ အထိမနာအောင်လို့ အကာအကွယ်အပြည့်အစုံနဲ့ သတိကပ်လျှောက်ပါတယ်။
ကျမရဲ့အကာအကွယ်တွေကတော့ အဓိဋ္ဌာန်ဝင်တာ၊ တရားထိုင်တာ၊ သီလဆောက်တည်ထားတာ၊ ဆရာကောင်းတွေကို ဆည်းကပ်တာ၊ အဆုံးအမခံယူတာ၊ ကောင်းမှုကုသိုလ်တွေချည်း ဆက်တိုက်လုပ်တာ၊ ကိုယ့်စိတ်ကို ငြိမ်အောင်ထားပြီး Heal လုပ်တာပါပဲ။
'ဒါတွေက လောကသဘာဝပဲ၊ ဒါတွေကို နင်ရှောင်လွှဲချင်လို့ မရဘူး၊ လက်ခံလိုက်၊ ပြီးရင် ထိန်းချုပ်လို့မရတာအားလုံးကို သူ့သဘောအတိုင်းသူ ဖြစ်ပါစေတော့ဆိုပြီး လွှတ်ချလိုက်' လို့ အမြဲနှလုံးသွင်းဖြစ်ပါတယ်။
ဒီလို ဆင်းရဲဒုက္ခတွေ ခဏရပ်သွားပြီး ပျော်ရွှင်မှု၊ ချီးကျူးခံရမှုတွေကို ပြန်ရလာတဲ့အခါမှာလည်း စိတ်ကို အရမ်းမြောက်တက်မသွားအောင်၊ ကျေးဇူးတရားတွေကို မမေ့လျော့အောင် အမြဲဆင်ခြင်သုံးသပ်ဖြစ်ပါတယ်။
အရွယ်ရောက်လာခြင်းက ဒီလိုပါပဲ။ ကံကြမ္မာလှည်းဘီးက သူ့သဘောနဲ့သူ လည်ပတ်နေပြီး အကောင်းတစ်လှည့်၊ အဆိုးတစ်လှည့် ကြုံစေပါတယ်။ ဒီလိုကြုံရတဲ့အခါတိုင်းမှာ ကျမရေရွတ်မိတာက...
"Trust the process. ငါ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားခဲ့တယ်၊ အကောင်းဆုံးတွေဖြစ်လာဖို့ မျှော်လင့်ပြီး အဆိုးဆုံးတွေ ဖြစ်လာရင်လည်း လက်ခံရမှာပဲ"
ဆိုပြီးပေါ့။ 💚
593
20
11
3
2
2
1
1
1August 24, 2026 5.4K 20 38