Per-fect Bl-ue (1997)
IMDB - 8/10
Genre - Horror, Mystery
တစ်ခါတလေများ ရေသောက်နေရင်းဖြစ်ဖြစ်၊ထိုင်နေရင်းဖြစ်ဖြစ်၊ ဆေးလိပ်သောက်နေရင်းဖြစ်ဖြစ်၊ တစ်ချိန်ချိန်မှာ အတွေးဟာ အပြင်ကို မရောက်ဘဲ အတွင်းထဲကို ရောက်သွားတဲ့အခိုက်အတန့်တစ်ခုကို လူအတော်များများ ကြုံဖူးကြမယ်ထင်တာပဲ။ ကျွန်တော်တော့ ရံဖန်ရံခါဆိုသလို ဖြစ်တတ်တယ်။ အဲ့ဒီအခိုက်အတန့်ကလေးမှာ အတွေးဟာ ပြင်ပ အကြောင်းအဖြစ်တွေဆီ ရောက်မသွားဘဲ “ငါ” ဆိုတဲ့ အတွင်းက အရာဆီ ပြန်ရောက်သွားတယ်။ အဲ့ဒီအခိုက်အတန့်ဟာ တကယ့်ကို ခဏလေးပဲ။ ဒါပေမဲ့ အတော်ကြာသလိုလည်း ခံစားရတယ်။ အတိအကျတော့ မပြောတတ်တော့ပေမဲ့ သေချာတာကတော့ အဲ့ဒီအချိန်မှာ ဖြစ်တဲ့ ခံစားမှုဟာ “ငါ” ဆိုတာရဲ့ လုံး၀ကို အဓိပ္ပာယ်မဲ့နေမှုကြီး။ ဒီခန္ဓာဒီနာမည်နဲ့ လူဟာ ငါဟုတ်ရဲ့လား တောင်တွေးမိတဲ့ အထိပဲ။ ကိုယ်ရှင်နေတဲ့ ဘ၀ကြီးကို အရှိတရားရော ဟုတ်ရဲ့လား လို့ သံသယ၀င်မိတဲ့ အခိုက်အတန့်တစ်ခုလို့ ဆိုရမယ်။ အဲ့ဒီလိုအခိုက်အတန့်ကို ခံစားဖူးတဲ့ လူတိုင်း ဒီ Anime ထဲက ဇာတ်ကောင်ရဲ့ ဘ၀ကို နားလည်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီထဲက ဇာတ်ကောင်ကို နားလည်သွားရင် ဒီ Anime ဟာ ခင်ဗျားအတွက် တကယ့် Masterpiece တစ်ခုဖြစ်သွားမှာ သေချာတယ်။ သတိထားမိသလောက်ဆိုရင် တစ်ချို့ဒါရိုက်တာတွေဟာ လူ့ဘ၀လို့ ကျွန်တော်တို့အားလုံး ခေါ်ကြတဲ့ အရာဟာ အရှိတရားဟုတ်ရဲ့လား၊ အိပ်မက်တစ်ခုများလား ဆိုတဲ့ တူညီတဲ့ သံသယတစ်ခု သူတို့ခေါင်းထဲရှိနေတာ သူတို့ရုပ်ရှင်တွေမှာ အတော်တွေ့ရတယ်။ ဆာတိုရှီ ကိုန် ဟာလည်း အဲ့ဒီလို အရှိတရားကိုသံသယ၀င်တဲ့ သူတွေထဲက တစ်ယောက်ပဲလို့ ကျွန်တော် ယုံတယ်။ Per-fect Bl-ue မှာ အရှိတရားကို ဝေခွဲဖို့ အတော်ခက်တယ်။ လက်တွေ့မှာ အရှိတရားကိုယ်တိုင်ကလည်း ဝေခွဲဖို့ခက်တဲ့အတွက် အရှိတရားကို ဝေခွဲရခက်တဲ့ ရုပ်ရှင်တွေဟာ ကျွန်တော်တို့ စိတ်တွေကို တစ်နည်းတစ်ဖုံနဲ့ ဖမ်းစားထားနိုင်ခဲ့တယ်။ Bl-ack Sw-an တို့ Shut-ter Isl-and တို့ Req-uiem for Dre-am တို့လို နာမည်ကျော်ကားတွေမှာတောင် ဒီထဲက တစ်ချို့အရာတွေ ပြန်ယူသုံးရတဲ့ အထိ ဒီ Anime ဟာ အနောက်တိုင်းရုပ်ရှင်တွေကိုပါ လွှမ်းမိုးထားနိုင်ခဲ့တယ်။ ဆန်းတော့လည်း မဆန်းပါဘူး။ အကောင်းဆုံး လက်ရာတစ်ခုဟာ အမြဲလိုတစ်ပါးသော လက်ရာတွေကို လွှမ်းမိုးမှုတစ်ခုရှိနေမှာပဲမလား။ အရှင်းဆုံး ပြောရရင်တော့ Per-fect Blue ဟာ လူတစ်ယောက်ရဲ့ စိတ်ကူးဖန်တီးနိုင်စွမ်းကို ယုတ္တိဘောင်၊ အထိန်းအကွပ် အဆုံးစွန်အထိလွှတ်ပေးလိုက်တဲ့အခါ ထွက်လာတဲ့ လက်ရာမျိုးပဲ။ “ငါ့ရဲ့ စိတ်ကူးအိပ်မက်ထဲမှာရော၊ ငါ့ရဲ့ အရှိဘ၀မှာရော၊ ငါမရှိတဲ့အခါ ငါက ဘယ်မှာလဲ”။
t.me/cartoonmoviesmms/3927

1October 12, 2026 166 1