ကထိန်သင်္ကန်း တန်ဆောင်မုန်းလ၌ ကျင်းပမြဲဖြစ်သော ထင်ရှားသည့်… — BURMAPEDIA,Ltd — TG.ME

ကထိန်သင်္ကန်း တန်ဆောင်မုန်းလ၌ ကျင်းပမြဲဖြစ်သော ထင်ရှားသည့် ပွဲတော်တခုမှာ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းပင် ဖြစ်သည်။ ဤတွင် 'ကထိန်' ဟူသည် 'ကထိန' ဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု သိရသည်။ ကထိန်၏ အဓိပ္ပာယ်မှာ 'မြဲမြံခြင်း၊ ခိုင်ခံ့ခြင်း' ဖြစ်၍ ရဟန်းတော်များသည် မြဲမြံ ခိုင်ခံ့သည့် အကျိုးထူးငါးပါးကို ရရှိသောကြောင့် 'ကထိန်' ဟု ခေါ်ဆိုရခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဤတွင် အခွင့်သင့်သဖြင့် ကထိန်ခင်းရခြင်း၏ အစပထမဖြစ်ရပ်ကို အကျဉ်းချုပ်၍ တင်ပြလိုပါသေးသည်။ ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ ကိုးကွယ် အားထား မှီခိုဆည်းကပ်ရာဖြစ်သော ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ဖြစ်သည်။ ဘုရားရှင်သည် သာဝတ္ထိပြည်၊ အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းအပ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဖြစ်သည်။ ကောသလမင်းကြီးနှင့် ညီနောင်များဖြစ်ကြသော ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မြတ်စွာ ဘုရားရှင်အား ဖူးမြော်ခွင့်ရရန် ပါဝေယျကတိုင်းမှ လာကြရာ လမ်းခရီး အကြားရှိ 'သာကေတမြို့' ၌ ဝါဆို ဝါကပ်ကြသည်။ သီတင်းကျွတ်၍ ခရီးဆက်လာကြရာ ဘုရားရှင် ရှေ့မှောက်အရောက်တွင် ဘုရားရှင် ခွင့်ပြုထားသော သင်္ကန်းသုံးထည်စလုံး စိုစိုစွတ်စွတ် ညစ်ထေးထေး ဖြစ်နေသဖြင့် ထိုရဟန်းတို့၏ ပင်ပန်းဆင်းရဲမှုကို အကြောင်းပြုပြီး ကထိန်သင်္ကန်း ကပ်လှူခြင်းကို ခွင့်ပြုတော်မူခြင်းပင် ဖြစ်သည်။ ဤသည်မှာ ကထိန်ခင်းရခြင်း၏ သမိုင်းအစပင် ဖြစ်သည်ဟု ဆိုသည်။ #zanne

November 4, 2025 83 1