ကျောက်တော်မြို့နယ်ဟိ ရပ်ရွာ ၄ ရွာမှ စစ်ယှောင်ပြည်သူများအား… — Arakan Princess Media — TG.ME

ကျောက်တော်မြို့နယ်ဟိ ရပ်ရွာ ၄ ရွာမှ စစ်ယှောင်ပြည်သူများအား အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရမှ တလစာ စားနက်ရိက္ခာများ ထောက်ပံ့

APM၊ စပ်တမ်ဘာ ၁၇/ ၂၀၂၆

အာရက္ခပြည်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်ဟိ ရပ်ရွာ ၄ ရွာ၌ စစ်ယှောင်နီကတ်သော စစ်ယှောင်ပြည်သူများအား အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရမှ ဒေနိ၊ စပ်တမ်ဘာ ၁၇ ရက်နိတွင် တလစာ စားနက်ရိက္ခာများ ကူညီထောက်ပံ့ပီးခကြောင်း သိရသည်။

ကျောက်တော်မြို့နယ်ဟိ ညောင်ချောင်း၊ စနစ်သစ်၊ စိန်ခြုံ၊ သိန်းတန်စသည့် ရပ်ရွာများ၌ စစ်ယှောင်နီကတ်သော စစ်ယှောင်ပြည်သူ အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၁၀၂ ဦးအား တလစာ စားနက်ရိက္ခာများ ကူညီထောက်ပံ့ပီးခသည်။

အဆိုပါကူညီထောက်ပံ့မှုကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၏ စစ်ယှောင်ကော်မတီမှ ဦးဆောင်၍ လူသားချင်းစာနာထောက်ထားရီးနန့် ဖွံ့ဖြိုးရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရီးရုံး (HDCO)၊ ပါတီမြို့နယ်ရုံး၊ မြို့နယ်အုပ်ချုပ်ရီးရုံးရို့မှ ပူးပေါင်းကာ ကူညီထောက်ပံ့ပီးအပ်ခသည်။

စားနက်ရိက္ခာကူညီထောက်ပံ့မှု၌ စစ်ယှောင်ပြည်သူ တဦးကို တရက်တွင် ဆန် ၂ ဗူး ကျစီဖြင့် တလစာ ဆန်၊ ဆီ ၁ လီတာ နန့် ဆား ၁ ပိဿာစီ ပီးအပ်ခသည်။

အလားတူ စပ်တမ်ဘာ ၁၆ ရက်နိကလည်း ကျောက်တော်မြို့နယ်အတွင်းဟိ ချင်းမဝန်ထောင့်၊ ပညာဝ၊ ခရုမော်ပတ်၊ ဒေးဝန်း၊ ပီကောက်ဝ စသည့် ရပ်ရွာများ၌ စစ်ယှောင်နီကတ်သော စစ်ယှောင် အိမ်ထောင်စု ၂၄ စု၊ လူဦးရေ ၈၇ ဦးအား အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရမှ တလစာ စားနက်ရိက္ခာများ ကူညီ ထောက်ပံ့ပီးခသိမ့်သည်။

ယင်းသို့ အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရမှ စစ်ယှောင်ပြည်သူများ၏ စားဝတ်နီရီးအဆင် ပြေစီရီးအတွက် စားနက်ရိက္ခာများ ကူညီထောက်ပံ့မှုအပေါ် အထူးကျေးဇူးတင်ပါကြောင်း စစ်ယှောင်ပြည်သူများက ပြောကြားခသည်။

အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရအနီဖြင့် ဆက်လက်၍လည်း အာရက္ခပြည်ဟိ စစ်ယှောင်ပြည် သူများဟိနီသည့် တခြားရပ်ရွာဒေသများသို့ လားရောက်ကာ စားနက်ရိက္ခာများ ကူညီထောက်ပံ့လားမည်ဖြစ်ကြောင်း သိဟိရသည်။

Photo – ပီးပို့
❤8
September 17, 2026 1.5K 5