အာရက္ခပြည်အတွင်း လီကြောင်း၊ ရီကြောင်းတိုက်ခိုက်မှုများ စကမတပ် ဆက်တိုက်ပြုလုပ်နီ
APM၊ စပ်တမ်ဘာ ၈ / ၂၀၂၆
အာရက္ခပြည်အတွင်းဟိ မြို့နယ်တချို့ကို ဒေရက်ပိုင်းအတွင်း အကြမ်းဖက် ဖက်ဆစ် စစ်ကော်မသျှန်တပ်မှ လီကြောင်း၊ ရီကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နီကြောင်း အာရက္ခတပ်တော် (AA) ၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။
စပ်တမ်ဘာလ (၇) ရက်နိ၊ မိုးထ (၁၀) နာရီ (၂၇) မိနစ်အချိန်၌ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်သည် သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်သို့ ဂျက်တိုက်လီယာဉ် တစီးဖြင့် (၂) ကြိမ် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခရာ ဗုံးသီးများ ၎င်းရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခသဖြင့် ၎င်းရပ်ကွက်တွင် နီထိုင်သည့် အပြစ်မဟိသော အရပ်သားပြည်သူ ဒေါ်သန်းသန်းကြွယ် (၈၃ နှစ်) မာ နီရာမာပင် ပွဲချင်းပြီး သီဆုံးခကာ မမို့မို့မြင့်အောင် (၂၈ နှစ်)၊ ဒေါ်အေးအေးကြွယ် (၆၆ နှစ်) နန့် ကိုရန်နောင်ထက် (၂၈ နှစ်) ရို့မာ ဒဏ်ရာများ အသီးသီးရဟိခသည့်နည်းတူ ပြည်သူများ၏ နီအိမ် (၈) လုံးပျက်စီး ဆုံးယှုံးခရသည်။
ယင်းအပြင် ဂွ နန့် သံတွဲ ပင်လယ်ပြင်တွင် ကျောက်ချရပ်တန့်ထားသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်၏ စစ်သင်္ဘောများထက်မှလည်း ယင်းနိ၊ နိခင်း ၁၁ နာရီ ၂၆ မိနစ် အချိန်မှ နိခင်း ၁၂ နာရီအချိန်အထိ ကမ်းခြီတလျှောက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကို လီကြောင်းတိုက်ခိုက်မှုအပြီး ရှိဆင့်နောက်ဆင့် ပစ်ခတ်တိုက်ခိုက်ခသိမ့်သည်။
အလားတူ စပ်တမ်ဘာ ၇ ရက်နိ၊ နိခင်း ၂ နာရီ၊ ၅၂ မိနစ်အချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ ကျောက်ကြီးရွာနန့် စပါးကြီးရွာရို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ထပ်မံ လာရောက် ဗုံးကြဲတိုက်ခိုက်ခပြီး ယင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရဟိမှု မဟိခသော်လည်း လူနီအိမ် (၈) လုံးမာ လုံးဝပျက်စီး ဆုံးယှုံးခရသည်။
ယင်းအပြင် ယင်းနိ၊ မိုးထ ၉ နာရီခွဲအချိန်ခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ဂျက်တိုက်လီယာဉ် တစီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခသဖြင့် ပြည်သူများ၏ နီအိမ် (၄) လုံး ပျက်စီး ဆုံးယှုံးခသည်။
ကုန်ခသည့် စပ်တမ်ဘာ ၃ ရက်နိ နိခင်း ၁ နာရီ၊ ၃၅ မိနစ်ခန့်မှစ၍ ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့ (၃) မြို့ အစပ်ကြားဟိ ကွမ်းတောင်၊ ကုန်းတန်းကြိမ်ချောင်း၊ မက္ကလာကျ၊ ညိုရောင်နန့် မင်းလှရပ်ရွာများအပြင် ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းဟိ ကြက်ရိုးဆိပ်ရွာနန့် ညောင်ပင်ကြီးရွာအကြား ပတ်ဝန်းကျင်များသို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ဂျက်တိုက်လီယာဉ် (၄) စီးဖြင့် အကြိမ် (၃၀) ခန့်ကို မိနစ် (၃၀) အတွင်း လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခပါသိမ့်သည်။
ယင်းနိ၊ နိခင်း ၁၁ နာရီ၊ ၀၂ မိနစ်ခန့်မှစ၍လည်း အာရက္ခပြည်၊ ဂွ၊ ကျိန္တလီ နန့် ဂျိတ်တောမြို့များနန့် အနီးပတ်ဝန်းကျင်များဖက်သို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်၏ ပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောများထက်မှ ရီကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခသိမ့်ကြောင်း သိရသည်။
တဖက်မာလည်း ဖက်ဆစ်အကြမ်းဖက် စစ်ကော်မသျှင်တပ်မှ လီကြောင်း၊ ရီကြောင်းနန့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနီသဖြင့် အာရက္ခဒေသနီ ပြည်သူများအနီဖြင့် ယင်းစစ်ရီးအန္တရာယ်များကို အချိန်ပြည့် အထူးသတိထားကတ်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ စပ်တမ်ဘာ ၄ ရက်နိတွင် သတင်းထုတ်ပြန်အသိပီးထားပါသိမ့်သည်။
Photo - AA Info Desk
3
1
1September 8, 2026 1.2K 2