သံတွဲနန့် ဂွမြို့ရို့ကို စကမ လီကြောင်းနန့် ရီကြောင်းဖြင့် တိုက်ခိုက်၊ ပြည်သူ ၁ ဦး သီဆုံးပြီး ၃ ဦး ဒဏ်ရာရ
APM၊ စပ်တမ်ဘာ ၈ / ၂၀၂၆
အာရက္ခပြည်၊ သံတွဲ နန့် ဂွ မြို့ရို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ စပ်တမ်ဘာ ၇ ရက်နိ၊ မိုးထ ၁၀ နာရီ ၂၇ မိနစ်အချိန်မှစကာ လီကြောင်းနန့် ရီကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခ၍ ပြည်သူ ၁ ဦး သီဆုံးပြီး ၃ ဦး ဒဏ်ရာရလားကြောင်း အာရက္ခတပ်တော်(AA) မှ သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ "ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်သည် သံတွဲမြို့ကို ကုန်ခသည့် စပ်တမ်ဘာလ (၇) ရက်နိ၊ မိုးထ (၁၀) နာရီ (၂၇) မိနစ်အချိန်တွင် ဂျက်တိုက်လီယာဉ် တစီးဖြင့် (၂) ကြိမ် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခသည် ” ဟု ဖော်ပြထားသည်။
ယင်းဗုံးသီးများမာ သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခသဖြင့် ၎င်းရပ်ကွက်တွင် နီထိုင်သည့် အပြစ်မဟိသော အရပ်သားပြည်သူ ဒေါ်သန်းသန်းကြွယ် (၈၃ နှစ်) မာ နီရာမာပင် ပွဲချင်းပြီး သီဆုံးခကာ မမို့မို့မြင့်အောင် (၂၈ နှစ်)၊ ဒေါ်အေးအေးကြွယ် (၆၆ နှစ်) နန့် ကိုရန်နောင်ထက် (၂၈ နှစ်) ရို့မာ ဒဏ်ရာများ အသီးသီးရဟိခသည့်နည်းတူ ပြည်သူများ၏ နီအိမ် (၈) လုံးပျက်စီး ဆုံးယှုံးခရသည်ဟု ဆိုသည်။
ယင်းအပြင် ဂွ နန့် သံတွဲ ပင်လယ်ပြင်တွင် ကျောက်ချရပ်တန့်ထားသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်၏ စစ်သင်္ဘောများထက်မှလည်း ယင်းနိ၊ နိခင်း ၁၁ နာရီ ၂၆ မိနစ် အချိန်မှ နိခင်း ၁၂ နာရီအချိန်အထိ ကမ်းခြီတလျှောက်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကို လီကြောင်းတိုက်ခိုက်မှုအပြီး ရှိဆင့်နောက်ဆင့် ပစ်ခတ်တိုက်ခိုက်ခသည်ဟု ဖော်ပြထားသည်။
ယင်းနည်းတူ စပ်တမ်ဘာ ၇ ရက်နိ၊ နိခင်း ၂ နာရီ ၅၂ မိနစ်အချိန်ခန့်တွင် သံတွဲမြို့နယ်၊ ကျောက်ကြီးရွာနန့် စပါးကြီးရွာရို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ထပ်မံ လာရောက် ဗုံးကြဲတိုက်ခိုက်ခသည်ဟု သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရဟိမှု မဟိခသော်လည်း လူနီအိမ် (၈) လုံးမာ လုံးဝပျက်စီး ဆုံးယှုံးခရကြောင်း သိရသည်။
အလားတူ ယင်းနိ၊ မိုးထ ၉ နာရီခွဲအချိန်ခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ ဂျက်တိုက်လီယာဉ် တစီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခသဖြင့် ပြည်သူများ၏ နီအိမ် (၄) လုံး ပျက်စီး ဆုံးယှုံးခရကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။
ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာ ၇ ရက်နိတွင် သံတွဲ နန့် ပုဏ္ဏားကျွန်းမြို့နယ်ရို့ကို ဖက်ဆက် အကြမ်းဖက် စစ်ကော်မသျှန်တပ်မှ လီကြောင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အပြစ်မဟိသော အရပ်သား သီဆုံးမှုနန့် နီအိမ်များ ပျက်စီးဆုံးယှုံးမှု မှတ်တမ်းဓာတ်ပုံအချို့( AA Info Desk)
2
1
1September 8, 2026 1.8K 3