အာရက္ခတပ်တော်ထံ ကိုယ့်ဆန္ဒဖြင့် စစ်မှုထမ်းရန် ရောက်ဟိလာကတ်သည့် အသက်မပြည့်သိမ့်သော လူငယ် (၂) ဦး နန့် ကျန်းမာရီးမကောင်းသူ လူငယ် (၁) ဦးရို့အား ULA/AA မှ မိသားစုထံ ပြန်အပ်နှံ
APM၊ စပ်တမ်ဘာ ၇ / ၂၀၂၆
ကိုယ့်စိတ်ဆန္ဒအရ စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်ဟုဆိုကာ အာရက္ခတပ်တော်(AA)သို့ရောက်ဟိလာကတ်သည့် အသက်မပြည့်သိမ့်သော လူငယ် (၂) ဦးနန့် ကျန်းမာရီးမကောင်းသူ လူငယ် (၁) ဦးရို့အား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) မှ ဂနိတွင် သက်ဆိုင်ရာမိသားစုများထံ ပြန်လည် လွှဲပြောင်းအပ်နှံလိုက်ကြောင်း သိရသည်။
အသက်မပြည့်သိမ့်သော လူငယ် (၂) ဦးမာ အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ ပြင်လှရွာမှ (အဖ) ဦးမောင်လှဝင်း၏သား မောင်မင်းစိုးနိုင် (၁၆ နှစ်)၊ (အဖ) ဦးသာဇံဦး၏သား မောင်ဝေယံမင်း (၁၃ နှစ်) ဖြစ်ပြီး ဆီးမအောင်သည့် လူငယ် (၁) ဦးကတော့ အဆိုပါရွာမှ (အဖ) ဦးညီချေမောင်၏သား မောင်ထွီးချေ ( ၂၀ နှစ်) ရို့ ဖြစ်ကတ်သည်။
ယင်း လူငယ် (၃) ဦးရို့သည် ကုန်ခသည့် သြဂတ်စ်လ (၃၁) ရက်နိက ကိုယ်ပိုင်စိတ်ဆန္ဒသဘောအရ အာရက္ခတပ်တော်(AA) ထံ၌ စစ်မှု ထမ်းရန်ဟုဆိုကာ ရောက်ဟိလာသဖြင့် သက်ဆိုင်ရာ တာဝန်ဟိသူများမှ ယာယီ လက်ခံထိန်းသိမ်းထားခသည်။
ယင်းနောက် ၎င်းရို့အား စစ်မှုထမ်းခွင့်ပြုရန် အသက်အရွယ်၊ ကျန်းမာရီးနန့် နောက်ခံအကြောင်းအရာများကို စစ်ဆီးရာ မောင်မင်းစိုးနိုင်နန့် မောင်ဝေယံမင်းရို့ နှစ်ဦးမာ အသက်(၁၈)နှစ် မပြည့်သိမ့်၍ လည်းကောင်း၊ မောင်ထွီးချေမာ
အသက် ( ၁၈ နှစ်) ပြည့်ပြီးဖြစ်သော်လည်း ကျန်းမာရီးမကောင်း၍ လည်းကောင်း ၎င်းရို့ (၃)ဦးအား စစ်မှုထမ်းခွင့် မပြုဘဲ သက်ဆိုင်ရာ မိသားစုများထံသို့ ဆက်သွယ်ကာ ဂနိ၊ စပ်တမ်ဘာ ၆ ရက်နိတွင် ပြန်လည်လွှဲပြောင်း အပ်နှံလိုက်ခြင်း ဖြစ်သည်။
ယင်းအပြင် ၎င်းရို့ (၃) ဦးတွင်ပါလာသည့် ဖုန်းနန့် ဖေသာများကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော် (ULA/AA) မှ ပြန်လည်ပီးအပ်ခသည်။
မိသားစုထံ ပြန်လည်အပ်နှံရာတွင် အာရက္ခတပ်တော်အနီဖြင့် အသက်မပြည့်သိမ့်သော အချေသူငယ်များ၊ ကျန်းမာရီးမကောင်းသူများ၊ ကျောင်းသားများအား စစ်မှုထမ်းရန် (လုံးဝ) လက်မခံကြောင်း မြောက်ဦးမြို့နယ်ပါတီမှူးမှ အကျယ်တဝင့် ယှင်းလင်းပြောကြားခသည်။
အာရက္ခတပ်တော်သည် အချေစစ်သား (Child Soldier)များအား လုံးဝ လက်မခံသည့်နည်းတူ ဂျီနီဗာကွန်ဗင်းသျှန်းနန့်ကုလသမဂ္ဂ၏ အချေသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များအား အပြည့်အဝ တိကျစွာ အထူးလေးစား လိုက်နာသော တပ်တော် ဖြစ်ကြောင်းလည်း အလီးအနက် ထပ်လောင်း ပြောကြားခသိမ့်သည်။
အာရက္ခတပ်တော်သည် ပြီးခသည့် သြဂတ်စ်လ ၁၈ ရက်နိမှစ၍ ကိုယ့်ဆန္ဒဖြင့် တာဝန်ထမ်းဆောင်ရန်ဟုဆိုကာ ရောက်ဟိလာကတ်သည့် အသက်မပြည့်သိမ့်သော လူငယ်များအား မိသားစုထံပြန်အပ်နှံခသည်မာ ဂနိအထိဆိုလျှင် (၉) ဦးထက်မနည်း ဟိလာနီကြောင်း သိဟိရသည်။
Photo - Reporter Khine Mrat Minn /Arakan Princess Media
9
1September 7, 2026 2.5K 2