လူကုန်ကူးမှုတားဆီးနှိမ်နင်းရီးလုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ဟိ
APM၊ သြဂတ်စ် ၂၉ / ၂၀၂၆
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရအနီဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရီးလုပ်ငန်းများကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ဟိကြောင်း အာရက္ခမှုခင်းနန့်ဆက်စပ်သတင်းများထုတ်ပြန်ရီးအဖွဲ့မှ ဂနိ(သြဂတ်စ် ၂၉ ရက်နိ)၌ သတင်းထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ "မြန်မာပြည် အပါအဝင် ၎င်းနန့်အိမ်နားပါးချင်း ထိစပ်နီသော တိုင်းပြည်၊ ဒေသများ၌ လူကုန်ကူးမှုလုပ်ငန်းများမှာ ဆက်လက်ဟိနီဆဲဖြစ်သောကြောင့်အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရမှ ယင်းကိစ္စရပ်များကို တားဆီးကာကွယ် နှိမ်နင်း နိုင်ရီးအတွက် အားသွန်ခွန်စိုက် တစိုက်မတ်မတ် အဟိန်အဟုန်မြှင့် ကြိုးပမ်းလုပ်ဆောင်လျက်ဟိသည်"ဟု ဖော်ပြထားသည်။
လက်ဟိ မြန်မာပြည်တွင် ပြည်တွင်းစစ်မီး ဆက်လက်တောက်လောင်နီပြီး နိုင်ငံရီးမတည်ငြိမ်မှု၊ စစ်ရီးပြင်းထန်နီမှု၊ ပြည်သူရို့၏ စားဝတ်နီရီးအဆင်မပြေမှု၊ လူမှုဘဝ ခက်ခဲကျပ်တည်းမှုများကို လူကုန်ကူးဂိုဏ်းများမှ အခွင့်ကောင်းယူကာ လက်တလုံးခြားလုပ်၍ မြန်မာပြည်နန့် နယ်နိမိတ်ချင်းထိစပ်နီသော ထိုင်း၊ တရုတ် အစဟိသည့် တိုင်းပြည်များ၏ နယ်စပ်များမှတဆင့် လူကုန်ကူးမှုများ လုပ်ဆောင်လျက်ဟိကတ်သည်။
လူကုန်ကူးဂိုဏ်းများသည် ခက်ခဲကျပ်တည်းနီသော ပြည်သူလူထုများအား အလုပ်အကိုင်အခွင့်အလမ်း ရှာဖွီပီးမည်၊ ဝင်ငွေရလွယ်သည်၊ ယင်းနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းမှ ပို့ပီးမည် အစဟိသော မက်လုံးအမျိုးမျိုး ပီးလျက် လိမ်လည်လှည့်စား သွီးဆောင်ဖြားယောင်းသော ဖြစ်ရပ်များဟိသကဲ့သို့ ခေတ်သစ်ကျေးကျွန်အဖြစ် ကျားဖြန့်ရို့ထံ၌ လည်း ရောင်းစားသော ဖြစ်ရပ်များအထိ ဖြစ်ပေါ်လျက်ဟိကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
မြန်မာပြည်၏ လူကုန်ကူးမှုပမာဏမာ လက်ဟိတွင် ကမ္ဘာ့အဆိုးရွားဆုံးအဆင့် (၃) ၌ တည်ဟိနီပြီး အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ (Online Scams) နန့် ပြည်တွင်းပဋိပက္ခများကြောင့် လူကုန်ကူးခံရမှုပမာဏမာ တဟုန်ထိုး ပိုမို ကြီးထွားကျယ်ပြန့် မြင့်တက်လျက်ဟိကြောင်း သိရသည်။
တချိန်တည်း၌ အာရက္ခဒေသမှ လူငယ်များသည်လည်း တရုတ်၊ ထိုင်းစသည့် အိမ်နားပါးချင်းတိုင်းပြည်များသို့ တရားမဝင် နည်းလမ်းများဖြင့် ခိုးဝင်ရန် ကြိုးစားကတ်သည့်အချိန်များတွင် လူကုန်ကူးဂိုဏ်းများ၏ ရောင်းစားခြင်းကိုခံရကာ နိုင်ငံ အစုံတွင် ဒုက္ခမျိုးစုံရောက်ဟိလျက် ဟိနီကတ်၍ မြန်မာပြည်၏လက်ဟိအခြေအနီမာ ဆိုးဝါး၍ စိုးရိမ်ဖွယ်ရာ အဆင့်သို့ ရောက်ဟိလာနီကြောင်း ပကတိအခြေအနီများက မီးမောင်းထိုးပြလျက်ဟိကြောင်း ထုတ်ပြန်ချက်မှ ဆိုသည်။
အာရက္ခလူငယ်အများစုမာ ထိုင်းနိုင်ငံသို့ လူကုန်ကူးနီခံရပြီး ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရီး၊ ဆောက်လုပ်ရီးစသည့် လုပ်ငန်းခွင်များ၌ အတင်းအဓမ္မ စီခိုင်းခံနီကတ်ရပြီး အထူးသဖြင့် မြန်မာနိုင်ငံ၏ သျှမ်းမြောက်ဒေသ၊ ထိုင်း- မြန်မာ နယ်စပ်နန့် ထိုင်းနိုင်ငံအတွင်းဟိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ၌ ပိတ်လှောင် ခိုင်းစီခံနီကတ်ရသည်။
အလားတူ တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသူများမာလည်း တရုတ်မယားအဖြစ် ရောင်းစားခံနီကတ်ရသည့်အပြင် "လစာ ကောင်းသော အလုပ်ရမည်" ၊ " အချေတယောက်မွီးပီးလျှင် ဇာလောက်ရမည်"ဟု ပွဲစားများ၏ လိမ်လည်စည်းရုံးမှုကို ခံရကာ ဖုန်းကိုသိမ်း၍ မိသားစုနန့် ဆက်သွယ်ခွင့်မရဘဲ ပိတ်လှောင်ထားခြင်းခံရသော ဖြစ်ရပ်များကိုလည်း ဆိုချယ် မီဒီယာများထက်တွင် တခါတရံ ကြားသိနီရသည်။
ယင်းအပြင် တရားမဝင်နယ်စပ်ဖြတ်ကျော်စဉ် သက်ဆိုင်ရာအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရသကဲ့သို့ အလုပ်သျှင် များ၏ ရိုက်နှက်နှိပ်စက် ညှည်းပန်းမှုများနန့် လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေး အပြည့်အဝမရဟိသည့်ပြင် အသက်အန္တရာယ်ထိခိုက်မှုများလည်း ကြုံနီကတ်ရသည်။
ငရဲတွင်းသို့ သက်ဆင်းသကဲ့သို့ အဆိုးဝါးဆုံး ကြုံတွိနီကတ်ရသော်လည်း ကျားဖြန့်အပါအဝင် လူကုန်ကူးခံရသူများမာ ဘာသာစကားအခက်အခဲများနန့်တတူ အမှုဖွင့်တိုင်တန်းခွင့်မရဘဲ ရင်ဆိုင်ကတ်ရသည်။
ဤသို့ လူကုန်ကူးမှုနန့် ကျားဖြန့်အန္တရာယ်ကို အာရက္ခပြည်သူများနည်းတူ မြန်မာနိုင်ငံတဝန်းလုံးမှ အခြီခံ လူတန်းစား များလည်း နိစဉ်နန့်အမျှ ရင်ဆိုင်ကြုံတွိနီကတ်ရသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) သည် အမျိုးသားကာကွယ်ရီးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (National Defense Emergency Provision - NDEP) ကို ၂၀၂၅ ခုနှစ်၊ မာ့ချ် (၁၈) ရက်နိမှ စတင်ပြဋ္ဌာန်းလိုက်ပြီး နောက်ပိုင်းတွင် တချို့သော ပြည်သူများသည် NDEP ကို ယှောင်ယှားရန်အတွက် အဆင့်ဆင့်သော လူကုန်ကူး ပွဲစားများဖြင့် တော၊ တောင်၊ ချောင်း၊ မြောင်းများကို ဖြတ်ကျော်လျက် အာရက္ခပြည် အပြင်ဖက်သို့ လားလာနီကတ် သည်ကို တွိဟိရသည်။
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မသျှန်၏ ဖြတ်လေးဖြတ်ပိတ်ဆို့မှု၊ လက်နက်ကြီးလီကြောင်းတိုက်ခိုက်မှု၊ အလုပ်အကိုင် ယှားပါးမှု၊ စီးပွားရီးကျပ်တည်းမှုများအပြင် လူကုန်ကူးပွဲစား ဝိသမလောဘသားများသည် မသိနားမလည်သော အာရက္ခ ပြည်သူတချို့အား ပြည်ပတွင် အလုပ်အကိုင်ရမည်ဟု လိမ်လည်ပြီး ပြည်ပသို့ ထွက်ခွာအောင် သွီးဆောင်ဖြားယောင်းကာ ဖေသာငွေကြေးအဆမတန်တောင်း၊ ဂေါင်းပုံဖြတ်အမြတ်ထုတ်၍ လူကုန်ကူးနီကတ်သည်ကိုလည်း တွိဟိရသည်။ အေဂု ဖြစ်ရပ်များသည် လူကုန်ကူးဂိုဏ်းများအတွက် ကန်းသင်းဝက ဗျိုင်းကဲ့သို့ NDEP ကို ယှောင်ယှားလိုသောသူများ တယောက်ချင်း၊ အစုလိုက် ပလိုင်းထဲကောက်ထည့်လိုက်ခြင်းနန့် တူနီသည်။
ယင်းအထဲမှ တချို့မာ အာရက္ခပြည်အပြင်ဖက်၌ စစ်ကော်မသျှန်ထံတွင်ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြည်သူ့စစ်သင်တန်းများ သို့ ပို့ဆောင်ခြင်းကို ခံရသည်။ တချို့ဆိုလျှင်လည်း တောတောင်ထဲတွင် ဒုက္ခရောက်လျက် ငတ်ပြတ်ခြင်း၊ ရိုးမ၏ ပြင်းထန် ငှက်ဖျားရောဂါကြောင့် အသက်သီဆုံးခြင်း၊ တောဆင်ရိုင်းများ၏ အန္တရာယ်နန့်ကြုံတွိရခြင်း၊ အဆိပ်ဟိသော မြွီများ အကိုက်ခံရခြင်း၊ ချောင်း၊ မြောင်းထဲမျောပါလားခြင်း၊ ထိခိုက်ဒဏ်ရာရခသော် ကုသရန် ဆီးဝါးမဟိခြင်း စသည့် သဘာဝ ဖီးမျိုးစုံ ကြုံတွိနီကတ်ရသည်။ တချို့အား အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှ ကူညီကယ်တင်ပီးခသည်များလည်း ဟိသည်။
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရသည် NDEP နန့်ပတ်သက်၍ စစ်မှုထမ်းဥပဒေအား တိကျစွာသတ်မှတ်ကာ ထုတ်ပြန် ထားပြီးဖြစ်သည်။ ထို့အတူ အထက်ပါ စစ်ဖီး၊ သဘာဝဖီးအန္တရာယ်များနန့် မကြုံတွိရအောင် အေဂုပိုင် စစ်ရီးပြင်းထန်နီ သော ကာလကို အရေးပေါ်ကာလဟု သတ်မှတ်ထားပြီး အာရက္ခဒေသအတွင်းနီ ပြည်သူများ၊ အရွယ်ရောက်စစ်မှုတာဝန် ထမ်းဆောင်ရမည့် လူငယ်များကို ဒေသအတွင်းမှ ထွက်ခွာခြင်းကို ပိတ်ပင်တားဆီးထားသည်။
ထို့ကြောင့် အာရက္ခဒေသအတွင်းမှ အကြောင်းတချို့ပြကာ ထွက်ခွာရန်ကြိုးစားသူများကို အာရက္ခဒေသနန့်ထိစပ်နီသော နယ်စပ်များတွင် ဖမ်းဆီးရမိပါက ယင်းအထဲမှ NDEP ပြဋ္ဌာန်းချက်၌ အကျုံးဝင်သူများကို စစ်မှုတာဝန်ထမ်းဆောင်စီခပြီး NDEP ၌ အကျုံးမဝင်သူများကို ပြစ်ဒဏ်ပီးကာ ပြန်လွှတ်ပီးလျက်ဟိသည်။
ယင်းအပြင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရီးဥပဒေကို ချိုးဖောက်ကျူးလွန်ထားသော လူကုန်ကူးပွဲစား ဝိသမ လောဘသား တချို့ကိုမူ ဥပဒေလုပ်ထုံးလုပ်နည်းများနန့်အညီ ပြစ်ဒဏ်ချမှတ်ခြင်းများကိုလည်း တပြိုင်နက်တည်း လုပ်ဆောင်လျက် ဟိသည်။
ယင်းအထဲမှ တချို့အပြစ်သားများအား ပြစ်ဒဏ်ချမှတ်ရန် လုပ်ဆောင်လျက်ဟိပြီး ယင်းသို့ဆောင်ရွက်နီစဉ်အတွင်း ဖက်ဆစ်အကြမ်းဖက် စစ်ကော်မသျှန်၏ လီကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တရားရုံးတချို့မာ အချိန်နန့်တဗြီးညီ မလည်ပတ်နိုင်မှုမျိုးလည်း ဟိခပြီး ယင်းကာလမျိုး၌ တရားစီရင်ရီးကဏ္ဍ ကြန့်ကြာမှုတချို့လည်း ဟိတတ်သည်။
ယင်းသို့ ထိန်းသိမ်းထားရသည့်သူများအထဲတွင်လည်း ကျန်းမာရီးမကောင်းသူများ ပါလာတတ်ပြီး ၎င်းရို့အား အာရက္ခ ပြည်သူ့တော်လှန်ရီးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရီးဌာနအနီဖြင့် ကျန်းမာရီးစောင့်ယှောက်မှုများ ပြုလုပ်ပီးထားလျက် ဟိသည်။
ထိုသို့ဆောင်ရွက်ပီးနီချိန်အတွင်း ကျန်းမာရီးချို့ယွင်းမှုကြောင့် မမျှော်လင့်ဘဲ ဆုံးပါးခရမှုလည်း အနည်းငယ်ဟိခသည်။
သာဓကအားဖြင့် လူကုန်ကူးမှုဖြင့် အရေးယူခံထားရသော ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ရွာ မှ ဦးဇော်ဇော်မိုး၊ ဦးဝင်းမြင့်ဇော်နန့် ဦးစိန်မြသိန်းရို့ (၃) ဦး ပါဝင်သည့်အမှုမှ ဦးဇော်ဇော်မိုးမာ အသက်ယှူမဝခြင်း၊ အလွန် မောပန်းခြင်း၊ ချွေးထွက်လွန်ခြင်းရောဂါလက္ခဏာများဖြင့် ဆီးကုသမှုယူနီစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဩဂတ်စ်လ (၂၅) ရက် နိ၊ ညဇာ (၄) နာရီ၊ (၄၅) မိနစ်အချိန်ခန့်တွင် ကွယ်လွန်လားခပါသည်။ အဆိုပါ (၃) ဦးမာ လူကုန်ကူးမှုဖြင့် ၂၀၂၆ ခုနှစ်၊ ဂျန်နဝါရီနန့် ဖေဖော်ဝါရီလများက အရေးယူခြင်းခံထားရပြီး ၎င်းရို့အား စစ်ဆီးရာ၌လည်း ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားသူများ ဖြစ်ကတ်သည်။
တချိန်တည်းတွင် တရားစီရင်ရီးကြန့်ကြာမှု မဖြစ်စီရန်အတွက် ကရို့၏ အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရအနီဖြင့် လက်ဟိအချိန်တွင် အဟိန်အဟုန်မြှင့် လုပ်ဆောင်လျက်ဟိကြောင်း ဆိုသည်။
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၏ DLEPS ဒီလပ်ဌာနသည် လူကုန်ကူးမှုတားဆီးနှိမ်နင်းရီးကို တစိုက်မတ်မတ် လုပ်ဆောင်လျက်ဟိရာ ၂၀၂၆ ခုနှစ်၊ ဂျန်နဝါရီလမှ ဂျူလိုင်လအထိ (၇) လတာကာလအတွင်း လူကုန်ကူးမှုအပါအဝင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် အမှုစုစုပေါင်း (၃၅) မှုကို အရေးယူနိုင်ခပြီး လူကုန်ကူးမှုပပျောက်ရီး အတွက် ဤကိစ္စရပ်များကို ULA/AA အနီဖြင့် မဟာမိတ်နယ်မြီများဟိ မိတ်ဖက်အဖွဲ့အစည်းများနန့်တတူ ပူးပေါင်း လက်တွဲ ဆောင်ရွက်လျက်ဟိကြောင်း သိရသည်။
ကုလသမဂ္ဂနန့် နိုင်ငံတကာရို့က “ခေတ်သစ်ကျေးကျွန်ပြုခြင်း” ဟု သတ်မှတ်ထားသော လူကုန်ကူးခြင်း (Human Trafficking) သည် လူတဦး၏ ကိုယ်ကျိုးစီးပွား (သို့မဟုတ်) အမြတ်ထုတ်ရန်အတွက် အခြားသူတဦးအား လှည့်စားခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဓမ္မစီခိုင်းခြင်း သို့မဟုတ် လုပ်အားခေါင်းပုံဖြတ်ခြင်းရို့ကို ပြုလုပ်ပြီး ရောင်းဝယ်ဖောက်ကားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
လူကုန်ကူးမှု၏ အဓိကပြစ်ဒဏ်များမာ- မည်သူမဆို လူကုန်ကူးမှုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက အနည်းဆုံး ထောင်ဒဏ် (၁၀) နှစ်မှ အများဆုံး ထောင်ဒဏ်တသက်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။
6August 29, 2026 1.9K 4