“ OK အဲဒါဆို အကို့အိမ်ဖုန်းနံပတ်ပေး “ ကျွန်တော့်ဖုန်း နဲ့ ခေါ်ပေးလိုက်သည်။ သူ့မိန်းမ နဲ့ ပြောသည်။ သူ့သမီးနဲ့ပြောသည်။ သူ့သမက် နဲ့ပြောသည်။ သူ့မြေး နဲ့ ပြောသည်။ စုစုပေါင်း ၂၅ မိနစ်ခန့်ကြာအောင်ပြောသည်။ လုံးဝ အားနာမှု့မရှိ။ နောက်ဆုံး ဘေးမှာရှိနေသည့် အကိုကြီး ကိုမြင့်အောင်က “ ဟေ့လူ တော်ပြီလေ - သူများဖုန်းကို အားနာ မှပေါ့ “ ဟု ဝင်ပြောလိုက်တော့မှ ရပ်သွားသည်။ ကျွန်တော် ဒေါ်လာ ၅၀ ခန့်ထွက်သွားသည်။ ဖုန်းပြောပြီးသည့်အခါ နောက်ထပ် အခွင့်အရေးတစ်ခု ဆက်ပြီးတောင်းဆိုလာပြန်သည်။ “ ညီလေး အကို့ရဲ့ Cross ဘောပင် မှင်ချောင်းလဲချင်လို့ ဝယ်လို့ရမယ့်ဆိုင် လိုက်ပို့ပေးပါလား ။ မြန်မာပြည်မှာ အဲဒီ Cross မှင်ချောင်းက ဝယ်လို့မရလို့ “ “ ရပါတယ် အကို ကျွန်တော်လိုက်ပို့ပေးမယ် “ Cross မှင်ချောင်းရနိုင်မည့် Office Depot ဆိုင်သို့ ကားမောင်း၍ လိုက်ပို့ပေးလိုက်သည်။ သူလိုချင်သည့် မှင်ချောင်းရပြီး၍ ငွေရှင်းကောင်တာသို့ ရောက်သည့်အခါ ဟိုလိုလို ဒီလိုလို နဲ့ မယောင်မလည်လုပ်၍ ငွေကို ချက်ချင်းမထုတ်ဘဲ ကျွန်တော့်အပေးကို စောင့်နေသည်။ ငွေရှင်းကောင်တာမှ အမျိုးသမီးက ဘာလုပ်မှာလဲ ဆိုသည့်အကြည့်နဲ့ စောင့်နေသည်။ သူ့အစား ကျွန်တော်ရှက်သွားသည်။ နောက်ဆုံး မနေနိုင်သည့် ကျွန်တော်က ဝင်ရှင်းပေးလိုက်ရသည်။ Cross မှင်ချောင်း ဘယ်လောက်တန်မှာလဲ ? ၄/၅ ဒေါ်လာပေါ့။ ဒါပေမယ့် သူ စီးပိုးသည်။ ရသမျှ အခွင့်အရေးအကုန်ယူသည်။ မှင်ချောင်း ဝယ်ပြီး၍ ဘုန်းကြီးကျောင်း ပြန်ရောက်လာသည့်အခါ “ ညီလေး အကို ဗိုက်ဆာလာလို့ စားစရာ တစ်ခုခု ကျွေးပါလား “ “ ရတယ် အကို “ ဟု ပြောပြီး ဘုန်းကြီးကျောင်း ရှိ ကွက်ကီး မုန့်ထုပ် တစ်ထုပ်ကို ယူပေးလိုက်သည်။ ခဏနေလျှင် သူတို့ဧည့်သည်အုပ်စုအားလုံးကို စားသောက်ဆိုင်တွင် ညစာ လိုက်ကျွေးရန် ကျွန်တော်တို့နယ်ခံတွေက စီစဉ်ထားပြီးဖြစ်သည်။ ကျွန်တော်ပေးလိုက်သည့် ကွက်ကီးမုန့်ကို စားပြီးသည့်အခါ ကိုနေအောင်က “ ညီလေး အဲဒီမုန့် အရမ်းကောင်းတယ်ကွာ အကို မြန်မာပြည်ကို ယူသွားချင်လို့ နည်းနည်းလောက် ထပ်ပေးပါအုံး လား “ ကျွန်တော် တော်တော် အံ့ဩသွားသည်။ “ အကို အဲဒီမုန့်တွေက ကျောင်းက ဘုန်းကြီးတွေ အတွက် သူများ လာလှုထားတာ ။ အကို ဗိုက်အရမ်းဆာနေတယ်ဆိုလို့ ကျွန်တော်က အဆာပြေစားရအောင်လို့ တစ်ထုပ် ယူပေးလိုက်တာ ။ မြန်မာပြည်သယ်သွားဘို့အထိတော့ ပေးလို့မရဘူး။ မုန့်အလှု့ရှင် သိရင် မကောင်းဘူးလေ “ “ အေးပါကွာ အဲဒါဆိုလည်း ဝယ်လို့ ရမယ့်ဆိုင်ကို ပြန်ခါနီးကြရင် လိုက်ပို့ပေးနော် “ ဟု အရှက်ပြေစကားပြန်ပြောသည်။ ရုပ်ရှင်မင်းသားနေအောင်ဆိုတာ ဒီလိုမျိုးပါလား ဟု ကျွန်တော် မှတ်မှတ်ထင်ထင် သိလိုက်ရသည်။ အခုမှ စရောက်လာပြီး အခုမှ စတွေ့ဘူးသည့် လူတွေအပေါ်တွင် သူမျက်နှာမပူ။ အားမနာတတ်။ ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းသည်။ သီတဂူဆရာတော်၏ တာဝန်ပေးမှု့အရ နောက်တနေ့ မနက်ပိုင်းမှစပြီး ကျွန်တော်၏ ဆိုင်အလုပ်များကို အလုပ်သမားများနှင့် ထားခဲ့ပြီး ဧည့်သည်များကို ဖလော်ရီဒါ ဒေသန္တရ ပို့ဆောင်ရေးကို အကျိုးဆောင်ရသည်။ ပထမဆုံး လိုက်ပို့မည့်ခရီးက ဖလော်ရီဒါ ပြည်နယ်ရှိ နာမည်ကြီး Key West ကျွန်းမြို့ လေးသို့ဖြစ်သည်။ ဘုန်းကြီးကျောင်းကနေ ကား ၄ နာရီခန့် မောင်းရမည်ဖြစ်သည်။ ဧည့်သည်များကို ခေါ်ရန် မနက် ၆ နာရီခန့် အိမ်ကနေ ဘုန်းကြီးကျောင်းသို့ပြန်ရောက်သည်။ ဧည့်သည်များသည့်အတွက် SUV ကား ၂ စီး ဖြင့် ပို့သည်။ တစ်စီးက ကျွန်တော့်ကား ကျွန်တော်မောင်းသည်။ နောက် တစ်စီးက ဘုန်းကြီးကျောင်းပိုင်ကား ။ ကျောင်း ရှိ ဉီးဇင်း တစ်ပါးက မောင်းသည်။ ကျွန်တော့်ကားပေါ်တွင် ကိုမြင့်အောင် ကိုဘာဘူ နဲ့ ကို နေအောင် တို့က လိုက်ကြမည်ဖြစ်သည်။ ကျန်သည့်လူများက ဘုန်းကြီးကျောင်း ကားပေါ်တွင် လိုက်ကြမည်။ ဘုန်းကြီးကျောင်းမှ စထွက်ခါနီးအချိန် ကျွန်တော့်ကား ခေါင်းခန်းတံခါးကို နေအောင်က စဖွင့်သည်။ သူခေါင်းခန်းမှာထိုင်မည်ပေါ့။ ထိုအခါ ကိုမြင့်အောင်က ခေါင်းခန်းတံခါးကို ဖွင့်နေသည့် နေအောင့် လက်ကို တွန်းဖယ်လိုက်သည် ။ “ သွား ခင်ဗျား နောက်ခန်းမှာ သွားထိုင် “ ကျွန်တော် မျက်နှာပူသွားသည်။ နေအောင် ခပ်ကုတ်ကုတ် နဲ့ ထွက်သွားပြီး ကျွန်တော့်ကား နောက်ခန်းတွင် ကိုဘာဘူ နဲ့အတူ သွားထိုင်သည်။ နောက်မှ ကျွန်တော် သဘောပေါက်သွားသည် ။ သူတို့ မြန်မာပြည်က စထွက်လာကထဲက နေအောင်ရဲ့ အခွင့်အရေးယူမှု့ အမြတ်ထုတ်မှု့ စီးပိုးမှု့ အားမနာတတ်မှု့ အလိုက်မသိမှု့တွေကို ရက်ရှည် အတူထွက်လာကြသည့် ကိုမြင့်အောင် ကိုဘာဘူ နဲ့ အခြားလူများက မြင်ပြင်းကတ် ကြည့်မရ ဖြစ်နေကြခြင်း ဖြစ်သည်။ Key West သို့သွားရန် ကား စထွက်သည်နှင့် ပြသနာက စပါတော့သည်။ ကိုမြင့်အောင်က စကားကို ဘွင်းဘွင်းရှင်းရှင်းပြောတတ်သည်။ သူမှန်သည်ထင်လျှင် ဘယ်မျက်နှာမှမထောက်။ ဒဲ့ဒိုးအိုးပေါက် ပြောတတ်သည်။ အားမနာတတ်။ “ ကိုနေအောင် ခင်ဗျား အချောင်နှိုတ် ဒိုင်ပင်ထိုး ဂုန်းဆင်းနေတာ များနေပြီ။ အစကထဲက ဒီခရီးစဉ်မှာ ခင်ဗျားပါတာမဟုတ်ဘူး။ သီတဂူ အဖွဲ့ နဲ့ ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး။ US ဗီဇာ တင်တုန်းကလည်း ခင်များနာမည် ပါတာမဟုတ်ဘူး။
OK အဲဒါဆို အကို့အိမ်ဖုန်းနံပတ်ပေး “ ကျွန်တော့်ဖုန်း နဲ့… — ဆရာစံ — TG.ME
August 6, 2025 705 2