တိုက်ပွဲသတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်
ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခပြည်အတွင်းသို့ ထိုးဖောက်ဝင်ရောက် နိုင်ရန်အတွက် အာရက္ခဒေသနှင့်ထိစပ်လျက်ရှိသော တိုင်း (၃) တိုင်း၊ ပြည်နယ် (၁) ခုတို့နှင့် နယ်မြေထိစပ်နေသည့် နေရာများမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် ပြုလုပ်နေခဲ့သည်မှာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးခန့် ရှိလာခဲ့ပြီဖြစ်သည်။ ထိုသို့ ထိုးဖောက်ဝင်ရောက်ရန် အားထုတ်လျက်ရှိသော နေရာများထဲမှ တစ်ခုဖြစ်သည့် ရက္ခိုင်-ဧရာဝတီ အစပ်နေရာများ၌ တိုက်ပွဲများမှာ ယခုရက်များအတွင်း ဆက်လက်ပြင်းထန်လာနေခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ပွိုင့် (၁၀၁) အနီးဝန်းကျင်နှင့် သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီးဝန်းကျင်ရှိ အာရက္ခတပ်တော်စစ်ကြောင်းများရှိရာ နေရာများသို့ ဖက်ဆစ် အကြမ်းဖက်စစ်ကော်မရှင်သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ယင်းနေ့တစ်ရက်တည်းတွင် နေရာ (၅) နေရာ၌ တိုက်ပွဲများ မှာ တစ်နေ့လုံးနီးပါး တောက်လျှောက်ဖြစ်ပွားနေခဲ့သည်။
ဩဂုတ်လ (၁၂) ရက်နေ့တွင် သာပေါင်းမြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသော ရန်သူ၏ တပ်မ (၆၆) လက်အောက်ခံ၊ ခလရ (၁၀၁) တပ်ရင်း နှင့် အာရက္ခတပ်တော်တို့သည် သာပေါင်းကလေးကျေးရွာ၏ အရှေ့ဘက် မီတာ (၁၀၀၀) ခန့်အကွာတွင် နံနက် (၆း၅၃) မှ (၉း၅၃) အချိန်အထိ (၃) နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရန်သူသည် ၎င်းတို့ ၏အားသာချက်ဖြစ်သောလေကြောင်း၊ ဒရုန်း နှင့် မြေပြင်မှ လက်နက်ကြီးပစ်ကူတို့ကို အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အာရက္ခတပ်တော် စစ်သည်တော်များမှ ခုခံစစ်၊ တန်ပြန်ထိုးစစ်တို့ဖြင့် အကောင်းဆုံး ခုခံတိုက်ခိုက်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှ အထိအခိုက်အကျအဆုံးများဖြင့် တပ်လန်ကာ ထွက်ပြေး ဆုတ်ခွာသွားခဲ့သည်။ မိမိတို့ဘက်မှ လိုက်လံရှင်းလင်းခဲ့ရာ ရန့်သူ့အလောင်းအချို့နှင့် လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ရေကြည်မြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသော ရန်သူ၏ တပ်မ (၆၆) လက်အောက်ခံ၊ ခလရ (၁) ၊ (၁၁) တပ်ရင်းများနှင့် အာရက္ခတပ်တော်၊ စစ်ကြောင်းအချို့သည် ပွိုင့် (၁၀၁) ကုန်း၏ တောင်ဘက် မီတာ (၃၇၃) ခန့်တွင် နံနက် (၇) နာရီမှ နေ့လယ် (၂) နာရီ (၃၉) မိနစ်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နည်းတူ ပွိုင့် (၁၀၁) ကုန်း၏ အနောက်တောင်ဘက် (၁.၁၃) ကီလိုမီတာခန့် အကွာတွင်လည်း နံနက် (၉) နာရီ (၂၄) မိနစ်မှ နေ့လယ် (၁) နာရီ (၄၀) မိနစ် အထိတိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့အတူ ယခုတိုက်ပွဲဖြစ်ပွားရာ မလှမ်းမကမ်းနေရာ (၂) ခု၌လည်း ရန်သူမှ မိမိတို့ရှိရာနေရာများသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ဖက်ဆစ် အကြမ်းဖက်စစ်ကော်မရှင်တပ်သည် ဂျက်၊ Y12 ၊ ဒရုန်းနှင့် မြေပြင်လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး စစ်ကြောင်းများဖြန့်ခွဲကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ယခုတိုက်ပွဲများတွင်လည်း မိမိတို့ဘက်မှ အကောင်းဆုံး ခုခံတိုက်ထုတ်နိုင်ခဲ့သောကြောင့် ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ရန်သူ၏ ထိုးစစ်တိုင်းကို တည်ငြိမ်စွာဖြင့် ခုခံစစ်ဆင်နွှဲရင်း ရန်သူတပ်လန်သွားသည်အထိ ရဲရင့်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား အာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
(ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သိမ်းဆည်းရမိခဲ့သော ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့)
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
271
171
116
23
17
6
3
3
2
1
1August 13, 2026 18.2K 48








