အလှအပရေးရာ ခွဲစိတ်နှင့် ဆေးထိုးမှုများ ပြုလုပ်နေသည့် Beauty Salon… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

အလှအပရေးရာ ခွဲစိတ်နှင့် ဆေးထိုးမှုများ ပြုလုပ်နေသည့် Beauty Salon များကို အရေးယူရန်လို

စက်တင်ဘာ ၉

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့၏ ညွှန်ကြားချက်ထွက်ရှိလာပြီးနောက် အလှအပရေးရာ ခွဲစိတ်ကုသခြင်းနှင့် ဆေးထိုးခြင်းများ ပြုလုပ်နေသည့် Beauty Salon များကိုပါ အရေးယူရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အလှအပပြုပြင်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်အချို့၏ ပြောကြားချက်များအရ သိရသည်။

ပုဂ္ဂလိက ကုသမှုအထောက်အကူပြုသင်တန်းကျောင်းလုပ်ငန်းနှင့် ပုဂ္ဂလိက ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်း တည်ထောင်ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်ကို ဇွန် ၂၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းထုတ်ပြန်ပြီးနောက် ပြည်သူများအကြား ပိုမိုသိရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာ ခင်ခင်ကြီးက လူမှုကွန်ရက်တွင် ညွှန်ကြားချက်ဓာတ်ပုံကို တင်ခဲ့ရာ ဖားကန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက မျက်ရစ်၊ ရင်သား၊ တင်ပါး စသည့် အလှအပရေးရာ ခွဲစိတ်ကုသမှုများကို နိုင်ငံခြားသင်တန်းဆင်းလက်မှတ်တစ်ခုရရှိရုံဖြင့် ဆောင်ရွက်နေသည့် Beauty Salon အမည်ခံ အလှအပရေးရာ ဆေးခန်းများကို မည်သို့အရေးယူထိန်းချုပ်မည်ကို မေးမြန်းခဲ့ကြောင်း ဖော်ပြထားသည်။

ဒေါက်တာ ခင်ခင်ကြီးက အဆိုပါကိစ္စနှင့်ပတ်သက်၍ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌဖြစ်သည့် ကျန်းမာရေးဝန်ကြီးထံ တိုင်ကြားနိုင်ပြီး ပုဂ္ဂလိကကျန်းမာရေးဥပဒေအရ ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ပြဋ္ဌာန်းထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကျန်းမာရေးနယ်ပယ်မှ ဆရာဝန်တစ်ဦးကလည်း ဆရာဝန်မဟုတ်သူများအနေဖြင့် Beauty Salon များတွင် သင်တန်းတက်၍ ဆေးထိုးခြင်း၊ အလှအပရေးရာ ကုသမှုများ ပြုလုပ်နေခြင်းများရှိကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်မှုများကို တားဆီးအရေးယူရန် လိုအပ်ကြောင်း ပြောကြားထားသည်။

၎င်းက Beauty Salon များတွင် ပါးရိုးမြှင့်ခြင်းကဲ့သို့သော အလှအပရေးရာ ကုသမှုများကို ဆရာဝန်မဟုတ်သူများက ပြုလုပ်နေခြင်းသည် တရားဝင်ဆေးကုသမှုမဟုတ်သဖြင့် ထိန်းချုပ်အရေးယူမှုများကို ဆရာဝန်များ၏ ဆေးခန်းများအပေါ်သာ အာရုံစိုက်ခြင်းမဟုတ်ဘဲ အလှပြင်ဆိုင်များအပါအဝင် ကျန်းမာရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းများအားလုံးကို လွှမ်းခြုံနိုင်ရန် လိုအပ်ကြောင်း ဆိုသည်။
ထို့အပြင် Beauty Salon များတွင် အလှအပပြုပြင်မှုများ ပြုလုပ်ပြီးနောက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း Beauty Salon လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးငယ်တစ်ဦးက ပြောကြားသည်။

အထူးသဖြင့် Filler ကဲ့သို့သော ဆေးများကို ကျွမ်းကျင်သည့် ဆရာဝန်မဟုတ်သူများက ကိုယ်တိုင်ထိုးပေးခြင်းကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်ပြီး နာမည်ပျက်သွားသူများရှိကြောင်း၊ ထိုကဲ့သို့သော အလှအပရေးရာ ဆေးထိုးကုသမှုများကို ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်များကသာ ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် Beauty Salon များတွင် အလှအပပြုပြင်ပြီးနောက် အဆင်မပြေမှုများ ကြုံတွေ့ရသူများအနက် အချို့သည် အရှက်အကြောက်ကြောင့် လူမှုကွန်ရက်ပေါ်တွင် ဖြစ်စဉ်ကို ထုတ်ဖော်ပြောဆိုရန် မဝံ့မရဲဖြစ်ကြပြီး ကိုယ်တိုင်သာ ပြန်လည်ကုသမှုခံယူကြသူများလည်း ရှိကြောင်း သိရသည်။

ထို့ကြောင့် အလှအပရေးရာ ခွဲစိတ်ကုသခြင်း၊ ဆေးထိုးခြင်းနှင့် အလားတူ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီသာ ဆောင်ရွက်နိုင်ရေး၊ တရားမဝင်လုပ်ကိုင်နေသည့် Beauty Salon များကိုလည်း ထိရောက်စွာ စိစစ်အရေးယူနိုင်ရေး လိုအပ်ကြောင်း ကျန်းမာရေးနှင့် အလှအပရေးရာ နယ်ပယ်မှ ပုဂ္ဂိုလ်များ၏ ပြောကြားချက်များအရ သိရသည်။(credit)

TruthZoneOnline
👍26👏5❤2💯1
September 9, 2026 1.1K 2 1