◾️စစ်ကိုင်းမှာ ရဲတပ်ရင်းအနီး ကင်းစောင့်တဲ့ရဲတွေ တိုက်ခိုက်ခံရ
စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ လက်အောက်ခံ ရဲတပ်ရင်း(၁၆)အနီး ယာဥ်တန်းကင်းစောင့်ရင်း ပြည်သူတွေဆီက ငွေကြေးအတင်းအဓမ္မ တောင်းခံနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ဦး သေဆုံးကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)က ထုတ်ပြန်ပါတယ်။ သြဂုတ် ၂၃ ရက် ညနေ ၃နာရီခွဲဝန်းကျင်မှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ စစ်ကိုင်းမြို့ တပ်မ(၃၃)ကိုသွားတဲ့ စစ်ယာဉ်တန်းကို အမှတ် (၁၆) ရဲတပ်ရင်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။ တိုက်ခိုက်မှုအပြီးမှာတော့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်းရှိ မြို့နယ်နဲ့ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြေစာရင်းရုံး၊ ခရိုင်မြေစာရင်းရုံးနဲ့ စည်ပင်ရုံးတွေအပါအဝင် စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေအနေနဲ့ အမြန်ဆုံး CDM ပြုလုပ်ကြဖို့၊ ရုံးမတက်ဘဲ မိမိနေအိမ်မှာသာနေပြီး ပြည်သူနဲ့အတူ ပူးပေါင်းကြဖို့ အသိပေး တိုက်တွန်းထားပါတယ်။
◾️စစ်ကောင်စီ ရက် ၁၀၀အတွင်း နိုင်ကျဉ်းတွေ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိ၊ အကျဉ်းသား ၅ ဦး သေဆုံး
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ သမ္မတနေရာကို ယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းကာလအတွင်း အကျဉ်းထောင်တွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး PPNM က ထုတ်ပြန်လိုက်တာပါ။ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ အတွင်းမှာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၁ ခုအထိ စနစ်တကျ ကျူးလွန်ခံခဲ့ရကြောင်း PPNM က ထုတ်ပြန်ပါတယ်။ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာ၊ အချိန်မီ ဆေးရုံလွှဲပြောင်းမပေးတာတွေကြောင့် ပြည်၊ သာယာဝတီ၊ ပေါင်းတည်နဲ့ အိုးဘိုထောင် အကျဉ်းထောင်တွေက ရင်ကြပ်၊ သွေးတိုးနဲ့ ဦးနှောက်သွေးကြောပေါက် ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသား ၅ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း PPNMက ထပ်မံအသိပေးပါတယ်။
◾️စစ်ကိုင်းရေဘေးအတွက် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေ ပေးပို့ဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း
စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ(EU)က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။ အဲဒီ တိုက်တွန်းတောင်းဆိုချက်ကို စစ်ကိုင်းတိုင်းအတွင်းရှိ သပိတ်ကော်မတီတွေနဲ့ ကျောင်းသားသမဂ္ဂတွေအပါအဝင် အဖွဲ့ဝင် ၄၃ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ဩဂုတ် ၂၄ ရက်စွဲနဲ့ ဥရောပသမဂ္ဂ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ Ursula Von der Leyen နဲ့ ဥရောပသမဂ္ဂ လူသားချင်းစာနာမှုနှင့် ပြည်သူ့ကာကွယ်ရေးဌာန (ECHO) ညွှန်ကြားရေးမှူးချုပ် Maciej Popowski တို့ဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ကာ တောင်းဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်က စစ်ကိုင်းတိုင်းအတွင်းရှိ သဖန်းဆိပ်ဆည်နဲ့ ကာဘိုးဆည်တွေက ရေတွေကို စစ်တပ်က ပြည်သူတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဖောက်ချခဲ့တာကြောင့် ကန့်ဘလူ၊ ကောလင်း၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင် စတဲ့ မြို့နယ် ၁၁ ခုမှ ဒေသခံပြည်သူ ၁.၂ သန်းကျော် ရေဘေးဒုက္ခဆိုးဝါးစွာ ကြုံတွေ့ခဲ့ရကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
23
1
1August 25, 2026 2.4K