People's Spring: post #111658 — TG.ME

ဆောမြို့နယ်က စစ်ဆင်ရေးအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရ

ဩဂုတ်-၂၅၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

ဇူလိုင် ၂၆ ရက်ကနေ ဒီကနေ့ (သြဂုတ် ၂၅ ရက်)အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေနဲ့သက်ဆိုင်ရာ အဆင့်ဆင့်ကွပ်ကဲမှုတွေအလိုက် ဆောမြို့နယ်အတွင်း ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ရန်သူ စစ်တပ်ထံက သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို သူရဲ့လူမှုကွန်ယက်ကတဆင့် အသိပေးထားတာဖြစ်ပါတယ်။

ဖော်ပြထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ လက်နက် အလက် ၂၀ ကျော်နဲ့ ခဲယမ်း၊ဗုံးသီးတွေနဲ့ စစ်အသုံးဆောင်ပစ္စည်းတွေအများအပြား တွေ့ရပါတယ်။

"ဆောနယ် စစ်ဆင်ရေးမှာ မကွေးတိုင်းအတွင်း တာဝန်ထမ်းဆောင်နေကြတဲ့ PDF တွေရဲ့ အမိန့်နာခံမှု ၊ စုစည်းမှု ၊ ညီညွတ်မှု နဲ့ လုပ်နိုင်စွမ်းကို သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ ဂုဏ်သိက္ခာရှိစွာ ကျန်ရစ်နေစေမှာ ဖြစ်ပါတယ်"လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

စစ်ဆင်ရေးကာလအတွင်း အသက်နဲ့ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေအတွက်လည်း အစဉ်အမြဲ အောက်မေ့သတိရနေမှာဖြစ်ပြီး ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးမှာ ကျရာတာဝန်ကို ထမ်းဆောင်ရင်း အောင်မြင်ပြီးဆုံးသည့်တိုင်အောင် ဆက်လက် လျောက်လှမ်းကြရဦးမယ်လို့ သူက အသိပေးပါတယ်။

"လောင်းရှည်ကနေ ဆောဘက်တိုးနေတဲ့စစ်ကြောင်းကို ခရိုင်စစ်ဌာနတွေရဲ့ ရင်းတွေ စီမံကွပ်ကဲနေတာ။တိုက်နေကြတာပေါ့။အခုထိလည်း တိုက်ပွဲက နေ့စဉ်လိုလို ရှိပါတယ်"လို့ ဆောမြို့နယ်(ယောဒေသ)စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်

ဆောမြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ၃ကြိမ်မြောက် လက်နက်ခဲယမ်းရရှိမှုနဲ့ပတ်သက်လို့ အခု ဩဂုတ် ၁၉ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ထုတ်ပြန်ထားဖူးပါတယ်။

ဆောမြို့နယ်မှာ လောင်းရှည်မြို့ကနေ ဆောမြို့ကို စစ်တပ်က စစ်ကြောင်းထိုးနေသလို ဆောမြို့နယ် ကျောက်ထုမြို့ကနေတဆင့် ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် နေ့စဉ် နီးပါးတိုက်ပွဲတွေ ဖြစ်နေပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်က အဓမ္မပေါ်တာဆွဲခံခဲ့ရပြီးပါလာခဲ့တဲ့ စစ်မှုထမ်းတပ်သားတွေအနေနဲ့လည်း မိသားစုနဲ့ ပြန်လည်ဆုံတွေ့လိုရင် အလင်းဝင်ရောက်ဖို့ တော်လှန်ရေးတပ်တွေက
တိုက်တွန်းထားပါတယ်။

အလင်းမဝင်ဘဲ တိုက်ပွဲအတွင်း ရင်ဆိုင်တွေ့ပါကချေမှုန်းတာကို ခံရမယ်လို့ PDF စစ်ရုံးချုပ်က သတိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေတာကြောင့် ပြည်သူတွေအနေနဲ့ တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ကူညီဖေးမနိုင်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

မေလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ (၂၅)ကနေ စစ်တပ်က စစ်ကြောင်း ၂ခုသုံးပြီး ပေါက်မြို့ကတဆင့် ကျောက်ထုမြို့ နဲ့ လောင်းရှည်ကတဆင့် ဆောမြို့အတွင်း ဝင်ရောက်ခဲ့ပါတယ်။

ကျောက်ထုမြို့က စစ်ကြောင်းဟာ မင်းတပ်မြို့ကို ဦးတည်စစ်ဆင်နေပြီး ဆောမြို့က စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင်ပိုင်း ထိုးစစ်ကို စစ်တပ်က တပ်မ-၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၂၀၀၀ ခန့်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။
❤26👍9🥰2👏2👎1🤣1🖕1
August 25, 2026 1.4K 1