စစ်ကောင်စီ ရက် ၁၀၀အတွင်း နိုင်ကျဉ်းတွေ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိ၊ အကျဉ်းသား ၅ ဦး သေဆုံး
သြဂုတ် ၂၅၊၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
သမ္မတနေရာကို ယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းကာလအတွင်း အကျဉ်းထောင်တွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး PPNM က ထုတ်ပြန်လိုက်တာပါ။
မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ အတွင်းမှာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၁ ခုအထိ စနစ်တကျ ကျူးလွန်ခံခဲ့ရကြောင်း PPNM က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတကာဖိအားကို ရှောင်လွှဲဖို့ ဟန်ပြလွတ်ငြိမ်းချမ်းသာခွင့်တွေ ပြုလုပ်ခဲ့ပေမဲ့ အမှန်တကယ်မှာနိုင်ငံရေးအကျဉ်းသားတွေ ပါဝင်မှု အလွန်နည်းပါးခဲ့တဲ့အပြင် ထောင်တွင်းဖိနှိပ်မှုတွေ ပိုမိုဆိုးရွားလာခဲ့ကြောင်း PPNM က အသိပေးပါတယ်။
အကျဉ်းထောင်အတွင်းကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာ၊ အချိန်မီ ဆေးရုံလွှဲပြောင်းမပေးတာတွေကြောင့် ပြည်၊ သာယာဝတီ၊ ပေါင်းတည်နဲ့ အိုးဘိုထောင် အကျဉ်းထောင်တွေက ရင်ကြပ်၊ သွေးတိုးနဲ့ ဦးနှောက်သွေးကြောပေါက် ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသား ၅ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း PPNMက ထပ်မံအသိပေးပါတယ်။
ဒါ့အပြင် မကွေး၊ သာယာဝတီ၊ အင်းစိန်၊ ကျိုက်မရော၊ အိုးဘိုနဲ့ ဒိုက်ဦးထောင်တွေမှာ စည်းကမ်းထိန်းသိမ်းရေးအကြောင်းပြကာ စာအုပ်နဲ့ ပစ္စည်းတွေ သိမ်းဆည်းတာ၊ တိုက်ပိတ်တာ၊
နံပါတ်တုတ်နဲ့ နံပါတ်တုတ်တွေ၊ ရာဘာတုတ်တွေနဲ့ ရိုက်နှက်တာ၊ နေပူထဲ ပုံစံထိုင်ခိုင်းတာ၊ ရေနဲ့ အစာ ဖြတ်တောက်တာ စတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခံခဲ့ရတယ်လို့ PPNM က ရှင်းပြပါတယ်။
ဒါ့အပြင် လွတ်ရက်စေ့သူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ မတရားအမှုထပ်တိုးတာ၊ ငွေကြေးတောင်းခံတာ၊ အဓမ္မလုပ်အားခိုင်းစေတာနဲ့ ကိုယ်ဝန်ဆောင်နိုင်ငံရေးအကျဉ်းသူတွေအပေါ် စောင့်ရှောက်မှုပေါ့ဆလို့ မွေးကင်းစကလေးတွေ အသက်ဆုံးရှုံးရတဲ့အထိ ချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ PPNMက ဆိုပါတယ်။
လက်ရှိမှာလည်း အကျဥ်းထောင်အတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အစီအစဥ်တကျ ဆက်လက်ဖြစ်ပေါ်နေုပြီး ဆေးကုသခွင့်မရတာတွေကြောင့် အသက်ဆုံးရှုံးရတာတွေ၊ ရိုက်နှက်ညှင်းပန်းမှုတွေကြောင့် မတရားအရေးယူခံရမှုတွေရှိနေကြောင်း PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။
"ဒါက အရမ်းကို စိုးရိမ်စရာကောင်းတဲ့အခြေအနေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အကျဥ်းသားတွေရဲ့ အခြေခံလူ့အခွင့်အရေးနဲ့ ဆေးကုသခွင့်တွေကို အာမခံပေးဖို့လိုတယ်။ အခြေအနေတခုခုဖြစ်လာတဲ့အချိန်တိုင်းမှာလည်း လွတ်လပ်စွာ၊ ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ်ပေးဖို့ တိုက်တွန်းချင်ပါတယ်"လို့ ၎င်းက ပြောပါတယ်။
PPNM ရဲ့ မှတ်တမ်းတွေအရ ယခုကာလအတွင်း ထောင်တွင်းသေဆုံးမှု (၅) ခု၊ ညှဉ်းပန်း/တိုက်ပိတ်ခံရမှု (၆) ခု၊ မတရားအမှုထပ်တိုး/ပြန်ဖမ်းခံရမှု (၃) ခု အပါအဝင်စုစုပေါင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် (၂၁) ခုကို လက်လှမ်းမီသမျှ အတည်ပြုထားနိုင်ပြီး မြေပြင်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဥ်တွေဟာ စစ်ကောင်စီရဲ့ ဟန်ပြလှည့်ကွက်နောက်ကွယ်မှာ ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေကို စနစ်တကျ ဖိနှိပ်နေတာကို သက်သေပြနေကြောင်း၊ ဒါ့ကြောင့် ဒါ့ကြောင့် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုရဲ့ ဟန်ပြလုပ်ရပ်တွေကို ပယ်ချပြီး မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးနဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် ထိရောက်တဲ့ အရေးယူဖိအားပေးမှုတွေ ချက်ချင်းဆောင်ရွက်ဖို့ PPNM က အလေးအနက် တိုက်တွန်းထားပါတယ်။
24
4
4
3August 25, 2026 1.3K 1