စာပေဟောပြောပွဲ: post #1575 — TG.ME

လူတစ်ဦး တစ်ယောက်ရဲ့အပေါ်မှာ နားလည်မှုရှိဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ တခါတလေ နားလည်အောင် ကြိုးစားနေရတာကိုက ပင်ပန်းရပါတယ်။ နားလည်ဖို့ ကြိုးစားရင်းနဲ့ပဲ သည်းမခံနိုင်တာတွေ ပိုများ လာတတ်ပါတယ်။ သူကလည်း သူ့စရိုက်နဲ့ သူ့အကျင့်နဲ့။ ကိုယ်ကလည်း ကိုယ့်စရိုက်နဲ့ ကိုယ့်အကျင့်နဲ့ကိုး။ စိတ်သဘောထားခြင်းကတော့ဘယ်လိုမှ မတူနိုင်ပါဘူး။ သေချာစဉ်းစားကြည့်ရင် ကိုယ့်စိတ်တောင် ဒီနေ့နဲ့ မနက်ဖြန် မတူနိုင်ပါဘူး။ "သူကောင်းမှ ကိုယ်ကောင်းမယ်ဆိုရင် ကောင်းတဲ့သူ ဆိုတာ ဘယ်မှာ ရှိလာပါ့မလဲ" ဆိုသလို မတူညီမှုတွေအတွက် ကိုယ့်ဖက်က ကြိုးစားလို့ရတာ တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ခွင့်လွှတ်ပေးလိုက်ခြင်း ပါပဲ။ တစ်ဖက်သားကို ခွင့်လွှတ်ပေးလိုက်တယ် ဆိုရင်ပဲ.... စိတ်ထဲမှာပေါ့ပါးသွားတယ်။ လွတ်လပ် သွားပါတယ်။ ခွင့်လွှတ်ခြင်းရဲ့ နောက်မှာ မေတ္တာစိတ်တွေ ဖြစ်လာပါတယ်။ မေတ္တာစိတ်ဖြစ်လာတော့ ပိုပြီး ခွင့်လွှတ်တတ်လာပါတယ်။ ဒါကြောင့်..... တစ်ဖက်သားကို နားလည်မပေးနိုင်ရင်တောင် ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားရင် ဘဝမှာ အလွန် အေးချမ်းပါတယ်။ ဘဝဆိုတာတိုတိုလေးပါ။ တစ်ယောက်နဲ့ တစ်ယောက် ဘာကြောင့်များ အာဃာတတွေ အမုန်းတရားတွေ မနာလိုမှုတွေ ထားနေမှာလဲ။ ခွင့်လွှတ်ခြင်းရဲ့ အရသာကို ခွင့်လွှတ်ခဲ့ဘူးသူတိုင်း ခံစားဘူးပါလိမ့်မယ်။ လက်စားချေခြင်းဖြင့် ပြဿနာကို အဆုံးသတ်လို့မရပါဘူး။ ပြဿနာတွေရဲ့ အဓိက အဆုံးသတ်က ခွင့်လွှတ်ပေးလိုက်ခြင်းပါပဲ။ ဘာကြောင့် လူတွေက ခွင့်လွှတ်ရမှာကို ကြောက်နေတာလဲ ဆိုရင် အဖြေက ရှင်းရှင်းလေးပါ။ ခွင့်လွှတ်ပေးလိုက်ရတာဟာ ရှုံးနိမ့်တယ်လို့ ထင်နေတတ်ကြလို့ပါပဲ။ I can forgive but I can't forget တဲ့။ ( လူ တစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ပါ။ ဒါပေမဲ့ သူနာမည်ကိုတော့ မှတ်ထားလိုက်ပါတဲ့ ) တစ်ခါတစ်လေ လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်လို့ ရချင် ရလိမ့်မယ်။ ဒါပေမဲ့ သူရဲ့လုပ်ရပ်တွေကိုတော့ မေ့လို့ ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ...သူငယ်ချင်း ကိုယ့်ကို အကောင်းမမြင်တဲ့ သူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် ကိုယ်က ကောင်းအောင် ကြိုးစား နေနိုင်လို့ပါပဲ။ ကိုယ့်ကို ချောက်ချသူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် ချောက်ထဲမရောက်အောင် ကိုယ့်ကိုယ်ကို သတိထားပြီးတော့ နေထိုင်တတ်လာလို့ပါပဲ။ ကိုယ့်ကို အထင်သေးသူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် နေ့သစ်တိုင်း တိုးတက်အောင် ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်နေလို့ပါပဲ။ ကိုယ့်ကို လိမ်လည်ထိခိုက်သူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် ကိုယ့်မှာ အသိတရားတွေ တိုးပွားလာလို့ပါပဲ။ ကိုယ့်ကို ဝေဖန်ရှုပ်ချသူတွေကို ခွင့်လွှတ်လိုက်ပါ။ သူတို့ကြောင့် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် ပိုမို ထိန်းသိမ်းတတ်လာလို့ပါပဲ။ ဘဝမှာ တွေ့ကြုံရတဲ့လူတွေနဲ့ အခြေအနေတွေကို အပြစ်တင် ငြီးငြူမနေပါနဲ့။ ကောင်းတဲ့လူတွေက သင့်ကို ပျော်ရွှင်မှုတွေ ပေးပါလိမ့်မယ်။ ဆိုးတဲ့လူတွေက သင့်ကိုအတွေ့အကြုံတွေ ပေးပါလိမ့်မယ်။ အဆိုးဆုံးလူတွေက သင့်ကို သင်ခန်းစာတွေ ပေးပါလိမ့်မယ်။ အကောင်းဆုံးလူတွေက သင့်ကို အမှတ်တရတွေ ပေးပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရေ... ဘဝမှာ တစ်ခဏတာ ဆုံကြရသူ အချင်းချင်း ခွင့်လွှတ်ခြင်းဖြင့် ဆက်ဆံနိုင်ပါစေ.....။ Youtube.com/@myanmarwisdomguide

❤30👍16
June 12, 2026 6.1K