သစ္စာရှိစွာ အိပ်စက်ခဲ့သလား… လိပ်ပြာလုံစွာ နိုးထခဲ့ရဲ့လား… သန့်ရှင်းစွာ ရှိနေခဲ့ရဲ့လား…” ဒီမေးခွန်းတွေကို တစ်စုံတစ်ယောက်က မေးလာမှာတော့ မဟုတ်ပါဘူး။ တကယ်တော့ ဘယ်သူမှ မမေးလာလည်း ကိုယ့်စိတ်ထဲကနေ ကိုယ်တိုင် ပြန်မေးနေရမယ့် မေးခွန်းတွေပါပဲ။ လူတစ်ယောက်ရဲ့ လူ့တန်ဖိုးဆိုတာ သူ ဘယ်လောက်အောင်မြင်နေသလဲ၊ သူ ဘယ်လောက်လူသိများသလဲ သူ ဘယ်လောက်နေရာပေးခံရသလဲ သူ ဘယ်လောက် လူတွေရဲ့ အထင်ကြီးလေးစားခြင်းခံရသလဲ သူ ဘယ်လောက်ချမ်းသာသလဲဆိုတာနဲ့ မတိုင်းတာပါဘူး။ ဆိတ်ကွယ်ရာအရပ်မှာတောင်... သူဘယ်လောက် “သန့်ရှင်းစွာ” နေထိုင်နိုင်သလဲ… သူဘယ်လောက် “မှန်ကန်စွာ” ရွေးချယ်နေထိုင်နိုင်သလဲဆိုတာနဲ့သာ တကယ်တမ်း တိုင်းတာနေရပါတယ်။ ညအိပ်ရာဝင်တဲ့အခါ.. မိမိရဲ့စိတ်ထဲမှာ မိမိကိုယ်မိမိ မလေးစားနိုင်ဖွယ်ရာလုပ်ရပ်တွေနဲ့ ကင်းတယ်ဆိုရင် အိပ်စက်ခြင်းဟာ တိတ်ဆိတ်တဲ့ အေးချမ်းမှုတစ်ခု ဖြစ်လာပါတယ်။ မနက်အိပ်ရာ နိုးထတဲ့အခါ.. ဘယ်သူ့ကိုမှ ထိခိုက်နာကျင်မထားဘဲ၊ ဘယ်သူ့အပေါ်မှ လိမ်ညာလှည့်ဖြားခြင်းမရှိဘဲ ဘယ်သူ့အပေါ်မှ ဖုံးကွယ်မှုတွေမပါဘဲ နိုးထလာနိုင်ရင် အဲဒီနေ့ဟာ အောင်မြင်တဲ့စိတ်တစ်ခုနဲ့တင် မကဘဲ လိပ်ပြာသန့်သန့်နဲ့ စိတ်လုံခြုံမှုတွေနဲ့ ပြည့်ဝနေတဲ့နေ့တစ်နေ့ ထပ်တိုးရလာပါတယ်။ လူ့ဂုဏ်သိက္ခာဆိုတာ လူတွေရှေ့မှာ ပေါ်လွင်ပြသရနေတဲ့ အဝတ်အစားတွေ မဟုတ်ပါဘူး။ လူတွေ မမြင်တဲ့အချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် မလိမ်မညာဘဲ နေထိုင်နိုင်တဲ့ ကိုယ်ရဲ့ စင်ကြယ်တဲ့ အကျင့်နဲ့ စိတ်ဓာတ်ပါ။ ဘယ်သူမှ မသိဘူးဆိုပြီး ဘာမဆိုလုပ်လို့ရတယ်လို့ ထင်မိတဲ့အချိန်တိုင်း တကယ်ဆုံးရှုံးသွားတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှုနဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်စိတ်ပါ။ "မီး" ဆိုတာ.. မြိုက်ထားသလောက် တောက်လောင်နေမှာဖြစ်ပြီး ဆိတ်ကွယ်ရာဆိုတာလည်း.. ဖောက်လွဲဖောက်ပြန်မှုတွေ ကြီးစိုးစေတဲ့အရပ်ဒေသဖြစ်ပါတယ် သန့်ရှင်းမှုမရှိတဲ့ လူဆိုတာ အပေါ်ယံ ခန္ဓာကိုယ်ညစ်ပေမှုတွေနဲ့လူ မဟုတ်ပါဘူး စိတ်ဓာတ်နဲ့အကျင့် ညစ်ထေးပေကျံမှုတွေကို ဆိတ်ကွယ်ရာအရပ်မှာ မိမိကိုယ်မိမိ စည်းဘောင်မရှိ ခွင့်ပြုထားသူဖြစ်ပါတယ်။ ဘဝမှာ မိမိကိုချစ်တဲ့လူတွေအားလုံးရဲ့ တကယ်တန်ဖိုးထားတာတွေဟာ “မိမိမှာ ဘာတွေရှိလဲ” မဟုတ်ပါဘူး… “မိမိ ဘယ်လိုလူဖြစ်ခဲ့လဲ၊ ဘယ်လိုလူမျိုး ဖြစ်နေလဲ” ဆိုတာပါပဲ။ ဒါကြောင့်.. တိတ်ဆိတ်တဲ့အချိန် မမြင်ကွယ်ရာရှိတဲ့အချိန်တွေထဲမှာတောင် ကိုယ့် အကျင့်နဲ့ စိတ်ဓာတ်တွေအပေါ် ကိုယ်ပြန်ပြီး အရှက်မရစေတဲ့ ဘဝမျိုးနဲ့ သစ္စာရှိစွာ အိပ်စက်နိုင်ပါ။ လိပ်ပြာလုံစွာ နိုးထပါ။ ဒါတွေဟာ အမှန်တကယ်အရေးကြီးဆုံးပါပဲ။ Youtube.com/@myanmarwisdomguide
19
6
3
1