၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး… — MDY image✍️ — TG.ME

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းမီဒီယာအချို့နဲ့ အနောက်နိုင်ငံအချို့က ဖြစ်ရပ်တစ်ခုလုံးကို ပြည့်ပြည့်စုံစုံ မကြည့်ဘဲ နောက်ဆက်တွဲဖြစ်ရပ်တချို့ကိုသာ ရွေးထုတ်ပြီး မြန်မာနိုင်ငံအပေါ် နှစ်စဉ်လိုလို တစ်ဖက်သတ် စွပ်စွဲပြစ်တင်နေကြတာဟာ တရားမျှတမှုမရှိတဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတစ်ရပ်လို ဖြစ်လာပါတယ်။ ဖြစ်ရပ်မှန်ကို သိချင်ရင် အစ၊ အလယ်၊ အဆုံး အားလုံးကို မျှမျှတတ ကြည့်ရမှာဖြစ်ပြီး တစ်ဖက်တည်းကို ပစ်မှတ်ထားတဲ့ ဇာတ်ကြောင်းနဲ့ သမိုင်းကို ပြန်ရေးလို့ မရပါဘူး။
 
ပဋိပက္ခရဲ့ မူလအကြောင်းရင်းကို ကြည့်မယ်ဆိုရင် ၂၀၁၆ ခုနှစ် ဖြစ်စဉ်တွေနဲ့ ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်နေ့ ARSA ရဲ့ လုံခြုံရေးစခန်းအများအပြားကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ဟာ အရေးကြီးတဲ့ နောက်ခံအချက်တွေ ဖြစ်ပါတယ်။ အဲဒီလို အကြမ်းဖက်တိုက်ခိုက်မှုတွေကို ချန်ထားပြီး နောက်ဆက်တွဲ လူသားချင်းစာနာမှုဆိုင်ရာ ဖြစ်ရပ်တွေကိုပဲ အခြေခံကာ မြန်မာနိုင်ငံကို အပြစ်ဖို့နေခြင်းဟာ ဖြစ်စဉ်တစ်ခုလုံးကို ဖော်ပြခြင်းမဟုတ်ဘဲ တစ်ဖက်သတ်ဇာတ်ကြောင်းတစ်ခုကိုသာ ထပ်ခါတလဲလဲ တင်ပြနေခြင်း ဖြစ်ပါတယ်။
 
အချက်အလက်တစ်ခုတည်းကိုပဲ မီဒီယာအများအပြားက ထပ်ခါတလဲလဲ ပြောဆိုရုံနဲ့ အဲဒါဟာ အလိုအလျောက် အမှန်တရားဖြစ်မလာပါဘူး။ ဘယ်သူက ဘာအထောက်အထားနဲ့ ပြောသလဲ၊ ဘယ်အချက်တွေကို ထည့်ပြောပြီး ဘယ်အချက်တွေကို ချန်ထားသလဲဆိုတာကိုပါ ပြန်လည်စိစစ်ရမှာ ဖြစ်ပါတယ်။ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီးလည်း မြန်မာနိုင်ငံအနေနဲ့ လုံးဝလက်မခံသလို  နိုင်ငံတကာရဲ့ တစ်ဖက်သက်အမြင်တွေနဲ့လည်းကွာခြားမှုရှိနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ သမိုင်းမှတ်တမ်း၊ ဥပဒေနဲ့ အထောက်အထားတွေအပေါ် အခြေခံပြီး ဦးတည်ဆွေးနွေးဖို့လိုတယ်။
 
တစ်ချိန်တည်းမှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားရမယ်ဆိုတဲ့ အခြေခံမူရှိသလို အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူ့အခွင့်အရေးကိုလည်း လေးစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအခြေခံမူတွေကို နိုင်ငံရေးအကျိုးစီးပွားအလိုက် ရွေးချယ်အသုံးချပြီး မြန်မာနိုင်ငံကိုသာ တစ်ဖက်သတ် အပြစ်ပုံချနေမယ်ဆိုရင် အဲဒီလို စံနှုန်းနှစ်မျိုးသုံးမှုကို မေးခွန်းထုတ်ရပါလိမ့်မယ်…
 
ဒါကြောင့် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့ ယနေ့မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ တုံ့ပြန်ချက်ဟာ သာမန်ငြင်းဆိုချက်တစ်ခု မဟုတ်ဘဲ နှစ်ပေါင်းများစွာ တစ်ဖက်သတ်ဖိအားပေးမှုတွေအပေါ် မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ထပ်မံအတည်ပြုလိုက်ခြင်း ဖြစ်ပါတယ်။

နိုင်ငံတကာက စွပ်စွဲချက်တွေ ဘယ်လောက်ပဲ ထပ်ခါတလဲလဲ ပြောဆိုနေပါစေ စွပ်စွဲချက်တစ်ခုကို အကြိမ်ကြိမ်ပြောရုံနဲ့ သမိုင်းဖြစ်ရပ်မှန်ကို ပြောင်းလဲပစ်လို့ မရပါဘူး။ မြန်မာနိုင်ငံအနေနဲ့လည်း အချုပ်အခြာအာဏာကို ကာကွယ်ရင်း တရားဝင်သဘောတူညီချက်တွေနဲ့ သံတမန်ရေးလမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည်သွားမယ့် မူဝါဒကို ပြတ်ပြတ်သားသား ပြသထားတာ ဖြစ်ပါတယ်။
 
နိုင်ငံရေးအကျိုးစီးပွားအတွက် အမှန်တရားကိုဖုံးကွယ်ပြီး သမိုင်းကို တစ်ဖက်သတ်ရေးလို့ မရသလို ဖြစ်ရပ်မှန်တွေဖုံးကွယ်ကာ လိုရာဆွဲပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာကို နိုင်ငံတော်အတွက် ရှေးရှုပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်ကို ထောက်ခံကြိုဆိုပါတယ်။
 
မှိုင်းဝေ
❤13👍4
September 3, 2026 720 2