စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ ကာလအတွင်း လူငယ် ၁၂၆၅၅ ဦး ကို… — HECAFC Info Channel — TG.ME

စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ ကာလအတွင်း လူငယ် ၁၂၆၅၅ ဦး ကို စစ်တပ်က ဖမ်းဆီး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၁ မှ အပတ်စဉ် ၁၀ ကာလအတွင်း အရပ်သားပြည်သူ လူငယ် ၁၂၆၅၅ ဦး ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း Spring Revolution Database (SRD) က ပြုစုထားသော အစီရင်ခံစာအရ သိရှိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေကို အာဏာတည်သည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းနောက် ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်း အပတ်စဉ် ၁ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့အတွင်း အရပ်သားပြည်သူ ၁၂,၆၅၅ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် နေ့ခင်းအချိန် တွင် အရပ်သားပြည်သူ ၁၁,၄၉၇ ဦးနှင့် ညအချိန်တွင် ၁,၁၅၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ စစ်မှုထမ်းရှောင်လွဲနိုင်ရန် အသက် ၁၈ နှစ်နှင့် ၃၅ နှစ် အကြား လူငယ်၊ လူရွယ်များ တရားမဝင် နယ်စပ်‌ဖြတ်ကျော် တိမ်း ရှောင် မှုများ လုပ်ဆောင်လာရသောကြောင့် ပြည်ပတွင်ဖမ်းဆီးခံနေရကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုနှင့် စစ်မှုထမ်းဥပဒေကို တိမ်းရှောင်ရန် ပြည်ပနိုင်ငံများသို့ တရားမဝင်ဝင်ရောက်ရန် ကြိုးစားခဲ့သည့် အရပ်သားပြည်သူများသည် သက်ဆိုင်ရာနိုင်ငံများ၌ ဖမ်းဆီးခံခဲ့ရရာတွင် ထိုင်းနိုင်ငံတွင် ၃,၃၃၉ ဦး၊ မလေးရှားတွင် ၃၀၀ ဦး၊ အိန္ဒိယတွင် ၂၆ ဦး အပါအဝင် စုစုပေါင်း ၃,၆၆၅ ဦး ဖမ်းဆီးခံခဲ့ ရကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ တောင်ပိုင်းရှိ အကျဉ်းထောင်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁,၄၃၃ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် ရေလမ်းခရီး ဖြင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်သို့ ထိုင်းအာဏာပိုင်များမှ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတို့ထဲမှ အရပ်သားပြည်သူ ၁၆၈ ဦးကို ကော့သောင်းအခြေ စိုက် ခမရ ၂၆၂ ၊ ပလောက်မြို့အခြေစိုက် အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့် ရေးကျောင်း(တိုင်းဗဟို-၁၂)သို့ ပို့ဆောင်ပြီး စစ်သားအဖြစ် အဓမ္မစုဆောင်းဖမ်းဆီးခဲ့ကြောင်း သိရှီရသည်။ အလားတူ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်တွင် လူဝင်မူကြီးကြပ် ရေးဥပဒေဖြင့် အကျဉ်းကျနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၂၆ ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက် နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးမြို့ဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။ ဓာတ်ပုံ- ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ညပိုင်း စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီး ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။) Source: Khit Thit Media https://www.facebook.com/share/p/15j2QW4iQS/

February 17, 2025 1.3K 4