ဒို့အရေး Channel 2: post #18042 — TG.ME

စစ်ကော်မရှင်တပ် မှ ရန်ကုန်တိုင်း အတွင်း ဘွဲ့ရလူငယ်စာရင်းများ လိုက်လံပြုစုနေ ဒို့အရေး - ဒီ ၂၄ ရက်နေ့။၂၀၂၅ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဘွဲ့ရလူငယ်တွေ စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ပို့ပေးဖို့ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကော်မရှင်ခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က အမိန့်ပေး ညွှန်ကြားတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မနေ့ နေ့လယ်က နေပြည်တော် MGallery ဟိုတယ်မှာ ပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေး ဦးစီးကော်မတီရဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့တာလို့ နေပြည်တော် သတင်းအရင်းအမြစ်များ ထံ မှ သိရှိရပါတယ်။ “ဘွဲ့ရလူငယ်စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပို့ပေးဖို့ ပြောတယ်။ စာရင်းတောင်းတယ် ဆိုတာထက် အမိန့်ပေးတာ။ ဒီလူငယ်တွေက ငြိမ်းချမ်းရေးဖိုရမ်မှာ တက်ရမှာဆိုတော့ ဘာမှပြန်မပြောဘူး။ စစ်ဘက်ကကြားရတဲ့ သတင်းတွေအရတော့ ဘွဲ့ရတွေကို စစ်ဘက်က နည်းပညာပိုင်းမှာ စစ်မှုထမ်းခိုင်းမယ်လို့ ပြောနေကြတယ်။ အရင်က စစ်မှုထမ်းကို ကြုံရာလူတွေပဲ ခေါ်နေတာ၊ အခု ဘွဲ့ရ ပညာတတ်တွေအလှည့် ရောက်လာတာ။” ဘွဲ့ရထားသူစာရင်းကို ရန်ကုန် မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် စတဲ့ မြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးတွေက ကောက်နေရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်များ မှ ဒို့အရေး Channel ကို ပြောပါတယ်။ “ကိုယ့်ရပ်ကွက်ထဲမှာရှိတဲ့ ဘွဲ့ရလူဦးရေစာရင်း ကောက်ခိုင်းတာ၊ ဘွဲ့ရ ကျားဘယ်နှယောက်ရှိတယ်၊ မ ဘယ်နှယောက်ရှိတယ်၊ ပုံစံ ၆၆ နဲ့နေတဲ့သူ၊ ဧည့်စာရင်းနဲ့နေတဲ့သူ အကုန်ပါတယ်။ မြို့နယ်ကနေ တဆင့် ရပ်ကွက်နဲ့ ကျေးရွာကို စာထုတ်ညွှန်ကြားတာ။ ဘာကြောင့်ဆိုတာ ခေါင်းစဥ်မရှိဘူး။ ရပ်ကွက်အတွင်း နေထိုင်တဲ့ ဘွဲ့ရစာရင်းဆိုတာပဲ သိရတယ်။” စာရင်းကောက်ယူရာမှာ ကောက်ပုံကောက်နည်း ကွဲပြားမှုရှိပြီး တချို့မြို့နယ်တွေမှာ အိမ်တိုင်ရာရောက် လာကောက်တာရှိသလို တချို့မြို့နယ်တွေမှာတော့ ရုံးကို ကိုယ်တိုင် စာရင်းသွားပေးရတယ်လို့ လှည်းကူးမြို့ခံ တစ်ချို့ ဆီမှ သိရပါတယ်။ “လှည်းကူးမှာတော့ အုပ်ချုပ်ရေးက အိမ်တိုင်ရာရောက် လာကောက်တာ။ လူဦးရေစာရင်း ကောက်သလိုပဲ အပြည့်အစုံပေးရတာ။ မင်္ဂလာဒုံဘက်မှာ ရုံးကို လူကိုယ်တိုင် စာရင်းသွားပေးရတာ။ သွားမပေးလို့လည်း မရဘူး၊ စစ်တပ်နယ်မြေဆိုတော့။” တခြား ပြည်နယ်နဲ့ တိုင်းတွေမှာ ဘွဲ့ရလူငယ်စာရင်း ကောက်ယူတဲ့အသံ မကြားရဘဲ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေမှာသာ စာရင်းကောက်ယူနေတာကြောင့် စစ်မှုထမ်းရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ https://www.facebook.com/share/1AaJag5Loa/ https://t.me/DAYChannel2

FacebookLog in or sign up to viewSee posts, photos and more on Facebook.
December 24, 2025 243