အိမ်ပြန်ဖြစ်ရင် ဘာလုပ်မှာလဲ “ အိမ်ပြန်ဖြစ်ရင် ဘာမှမလုပ်ပါဘူး။… — Poems you should read before you die — TG.ME

“ အိမ်ပြန်ဖြစ်ရင် ဘာလုပ်မှာလဲ “

အိမ်ပြန်ဖြစ်ရင် ဘာမှမလုပ်ပါဘူး။ နှိုးစက်သံမကြားရတဲ့ မနက်ခင်းတွေမှာ စိတ်ချလက်ချ အိပ်မောကျနေမှာ သေချာတယ်။ ဒါက အိမ်ပဲ၊ ဒါကလုံခြုံမှုပဲဆိုတဲ့ အတွေးနဲ့ အိပ်မက်အရှည်ကြီး မက်ကောင်းမက်နေနိုင်ပါတယ်။

အလုပ်နဲ့လက်နဲ့ ပြတ်သွားတဲ့ခဏတော့ ဘာလုပ်လို့ဘာကိုင်ရမလဲ မသိ၊ ကြောင်တောင်တောင်ဖြစ်နေနိုင်ပေမဲ့ ကာတွန်းစာအုပ်တွေ ထိုင်ဖတ်နေတာဖြစ်ဖြစ်၊ တူလေးနဲ့ အရောင်စုံခြယ်တာမျိုးဖြစ်ဖြစ် လုပ်ချင်တယ်။

အေးစက်စက်ရေခဲသေတ္တာထဲက နွှေးစားနေကျ ထမင်းဗူးတွေစားနေရာကနေ ၊ ရုတ်တရက် အမေချက်ထားပေးတဲ့ အိမ်ထမင်းဟင်းတွေကို အဝတပြဲစားနိုင်ပါ့မလားတွေးပူမိတယ်။ ကိုယ့်အစာအိမ်က ပြေးလွှားနေတဲ့အလုပ်နားချိန် အချိန်တိုလေးထဲက အဆာပြေစားရုံလေးနဲ့ အသားကျနေခဲ့တာကိုး။

တကယ်လဲ အိမ်ပြန်ရောက် ဘာမှလုပ်ဖြစ်မှာမဟုတ်ပါဘူး။ အိမ်ဆိုတာ ဘာမှလုပ်စရာမလိုတဲ့နေရာမဟုတ်လား။ ဒီအတိုင်း ငြိမ်ငြိမ်သက်သက်လေးထိုင်နေရုံပဲ။ ထမင်းလက်ဆုံစားပြီး သတင်းကြည့်ရုံပဲ။ လူဆုံတဲ့အခါ စကားဝိုင်းဖွဲ့ရုံပဲ။ တကယ်ပဲ အိမ်ဟာ ဒီအတိုင်းမပြောင်းလဲဘဲ ရှိနေမဲ့နေရာပဲ…။

▪️အယ်လီယာ
❤60😭16😢5❤‍🔥2💔1🤝1
September 5, 2026 1.6K 36